myaelatt athan

Sharing Information to the Local

တရုတ်ကြေးနီကုမ္ပဏီ လုံခြုံရေးဂိတ်က ပစ်တဲ့ လက်နက်ကြီး ဗုံးသီးထိမှန်လို့ အမျိုးသမီးတဦး သေဆုံး

0
0

သိုက်ထွန်း၊ ကျော်စွာ

ဆားလင်းကြီး၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှာ ဖေဖော်ဝါရီ ၁၉ မနေ့ ညနေ ၆ နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်တဲ့ လက်နက်ကြီး ဗုံးသီးထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒုန်းတောရွာ အနောက်ဘက်မှာရှိတဲ့ မြန်မာ-ယန်စီကုမ္ပဏီရဲ့ လုံခြုံရေးဂိတ်ကနေ ပစ်ခတ်ခဲ့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အက်ဆစ်သယ်ကားတွေ၊ ကြေးနီသယ်ကားတွေ သွားလာတဲ့ လမ်းကြောင်းရှိရင် အခုလို ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေကျဖြစ်တယ်လို့ ဆိုပါတယ်။

“သေဆုံးသူက တင်ပါးကို လက်နက်ကြီးစ ထိမှန်တာ၊ အချိန်မီ ဆေးကုသခံယူခွင့်မရှိလို့ သွေးလွန်ပြီးသေတာပေါ့။ မနေ့က ညနေပိုင်းမှာ လက်နက်ငယ် လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။”လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်နက်ကြီးဗုံးသီးစ ထိမှန်လို့ အသက် ၅၅ နှစ်ဝန်းကျင် ဒေါ်သန်းဌေး သေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ပံတောင်းတောင်က မြန်မာ-ဝမ်ပေါင်ကုမ္ပဏီကို သွားမယ့် အက်ဆစ်ကားတန်းတွေကို လုံခြုံရေးပေးဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းထဲက ပုသိမ်-မုံရွာလမ်းပိုင်းတလျှောက်မှာ အင်အားအများအပြားနဲ့ ကင်းယူနေကြတာ ဖြစ်ပါတယ်။

အခုလက်ရှိ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီထဲကို အက်ဆစ်တွေတင်လာတဲ့ကား ၅၀ နီးပါးဝင်သွားပြီဖြစ်ပြီး ၃၀ နီးပါးကျန်ရှိနေသေးတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုသိမ်-မုံရွာလမ်းပေါ်မှာ ဒီကနေ့ထိ လက်နက်ငယ်တွေ ပစ်ဖောက်ပြီး ကင်းယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ဒုန်းတောရွာနဲ့ ဂုဏ်တောရွာက ပြည်သူ ၂,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

စာတည်း – ချယ်ရီ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။