myaelatt athan

Sharing Information to the Local

ထီးချိုင့်နဲ့ ကန့်ဘလူမှာဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

ဒိန်းဂျားခေတ်သဒ္ဒါ

မြေလတ်အသံ၊ ဇွန် ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်နဲ့ ကန့်ဘလူမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ထီးချိုင့်မြို့နယ်၊ ပေါက်ကုံးရွာကို ဇွန် ၇ ရက် ည ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာကြောင့် ရွာခံအမျိုးသမီး ၁ ဦးသေဆုံးပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထီးချိုင့်မြို့နယ်အတွင်း မြေပြင်ကင်းထောက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

“သေသွားတဲ့ အမကတော့ လက်နဲ့ခြေတဖက် အသားစတွေထွက်သွားတယ်။ မျက်နှာတခြမ်းရော ထိသွားတယ်။ ဒဏ်ရာရတဲ့ အကိုကတော့ လက်မောင်းကို လာမှန်ပြီး အပေါက်လိုမျိုးဖြစ်သွားတယ်။ အဲ့နေ့ညကဆို ရဟတ်ယာဥ်က ဝဲလိုက် အပေါ်ပြန်တက်လိုက်နဲ့ နှစ်ခါလောက်လုပ်ပြီးမှ ကြဲချသွားတာ။”လို့ သူကပြောပါတယ်။

ဂျက်ဖိုက်တာ ၁ စီးပေါ်ကနေ ပေါင် ၅၀၀ အားရှိဗုံး ၁ လုံး ကြဲချခဲ့တာကြောင့် ပေါက်ကုံးရွာခံ အသက် ၄၀ အရွယ် အထက်ပါအမျိုးသမီးသေဆုံးပြီး သူနဲ့အိမ်နီးချင်းအမျိုးသား ၁ ဦးကတော့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဗုံးကျရောက်ပေါက်ကွဲခဲ့တဲ့ နေအိမ်နဲ့ အနီးဝန်းကျင်ကနေအိမ် ၁ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး နွား ၁ ကောင်ပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – ကန့်ဘလူမြို့နယ်၊ ရင်ဂတ်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်။
ပုံစာ – ကန့်ဘလူမြို့နယ်၊ ရင်ဂတ်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်။
ပုံစာ – ကန့်ဘလူမြို့နယ်၊ ရင်ဂတ်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအားတွေ့ရစဉ်။

ရုပ်အလောင်းကိုတော့ ဇွန် ၈ ရက်မှာ သင်္ဂြိုဟ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အမျိုးသားကိုတော့ နီးစပ်ရာဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်၊ ရင်ဂတ်ကုန်းရွာကိုလည်း ဇွန် ၇ ရက်မှာ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

နေ့လယ် ၁၁ နာရီ ၁၀မိနစ်လောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးချတိုက်ခိုက်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းထဲနဲ့ နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“ဘာမှ PDF ရဲဘော်တွေလည်းမရှိဘူး၊ ပြည်သူတွေနေအိမ်တွေနဲ့ ဘာသာရေးကျောင်းအဆောက်အဦကို ကြဲသွားတာ၊ ကျတဲ့နေရာက ဘုန်းကြီးကျောင်းထဲ ၁ လုံး၊ ဘုန်းကြီးကျောင်းရဲ့အနီးအနားက နေအိမ်ပေါ် ၁ လုံးကျတယ်၊ ပျက်စီးတာကတော့ လူနေအိမ်ပျက်စီးတယ်၊ ဘုန်းကြီးကျောင်းအဆောက်အဦ တချို့ပျက်စီးတယ်၊” လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့နီးစပ်သူကပြောပါတယ်။

ပုံစာ – ထီးချိုင့်မြို့နယ်၊ ပေါက်ကုံးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများနှင့် သေဆုံးဒဏ်ရာရသူများအား တွေ့ရစဉ်။
ပုံစာ – ထီးချိုင့်မြို့နယ်၊ ပေါက်ကုံးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများနှင့် သေဆုံးဒဏ်ရာရသူများအား တွေ့ရစဉ်။
ပုံစာ – ထီးချိုင့်မြို့နယ်၊ ပေါက်ကုံးရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများနှင့် သေဆုံးဒဏ်ရာရသူများအား တွေ့ရစဉ်။

ဗုံးစထိမှန်လို့ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရကာ နွား ၁ ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရင်ဂတ်ကုန်းရွာမှာ အိမ်ခြေ ၁၅၀၊ လူဦးရေ ၇၅၀ ရှိကာ လေကြောင်းတိုက်ခိုက်ပြီးနောက် ရွာလုံးကျွတ် ဘေးလွတ်ရာကိုတိမ်းရှောင်နေကြတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဉာဏ်လင်းသစ်သုသေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ အခုနှစ် မေ ၉ ရက်ကနေ ၁၅ ရက်အတွင်း မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူး(အရှေ့) ဒေသများအပါအဝင် ဒေသ ၁၄ ခုမှာ အရပ်သားတွေအပေါ်ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ၆၁ ခုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၄ ဦးသေဆုံးကာ ၂၄၅ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။