ချောင်းဦး၊ မေ ၁၆၊ ၂၀၂၅။
တိုက်ပွဲမရှိဘဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၆ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မေ ၁၅ ရက်ည ၉ နာရီမှာ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ ငါးလုံးတင်ကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၅ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။

“သေဆုံးသူတွေရဲ့အသေးစိတ်အချက်အလက်ကို မသိရဘူးဗျ။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်လို့ပဲသိရတယ်။ နွား ၁ ကောင်လည်းသေတယ်ဗျ။ နေအိမ် ၁၀ လုံးလည်းမီးလောင်သွားတယ်”လို့ ချောင်းဦးမြို့နယ်မှတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ငါးလုံးတင်ကျေးရွာဟာ အိမ်ခြေစုစုပေါင်း ၁,၀၀၀ ခန့်ရှိပြီး ချောင်းဦးမြို့နယ်၊ တောင်ဘက်မှာတည်ရှိကာ မြို့နဲ့ ၆ မိုင်ကျော်ဝေးတယ်လို့ သိရပါတယ်။

အလားတူ မေ ၁၆ ရက်ဒီနေ့လယ် ၁ နာရီကျော်မှာ မြို့နယ်ထွေအုပ်ရုံးကနေ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးမှာ ဘုရင်ဂျီရပ်ကွက်အတွင်းရှိ နေအိမ် ၁ လုံးပေါ်ကို ကျရောက်ပေါက်ကွဲပြီး နေအိမ်ပေါ်ရှိနေတဲ့ မိသားစု ၄ ဦးအနက် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကျန် ၃ ဦးက ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ဆိုပါတယ်။
“မြို့နဲ့ပတ်ဝန်းကျင်ကို ၁၂၀ မမတွေနဲ့ ရမ်းသမ်းပစ်နေတာ။ ကြေးနီကားတွေ ဖြတ်မှာမို့ ထင်တယ်။ ဝမ်ပေါင်ကနေ တရုတ်ကိုပို့မယ့်ဟာတွေ။ အရင်တုန်းကလည်း အဲ့လိုမျိုးပဲ။ သူတို့ (စကစကြေးနီကား) ဖြတ်ပြီဆို ရမ်းပစ်တာပဲ။ ကြိုရှင်းတဲ့သဘောမျိုးပဲ”လို့ အထက်ပါ တပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့မေ ၁၀ ရက်ကလည်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရှင်ပြုအလှူလုပ်တဲ့နေရာကို ကျရောက်ပေါက်ကွဲပြီး မောင်ရှင်လောင်းအပါအဝင် ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စာတည်း – လင်း