အရာတော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

0 2
0 2

အရာတော်၊ မေ ၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းကနေ ထွက်ခွာလာတဲ့စစ်ကောင်စီတပ် စစ်ကြောင်းကို မေ ၈ ရက်မနက် ၁၀ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်သား ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်းဆီက သိရပါတယ်။

ငွေတွင်းစခန်းကနေ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သားတွေက ဖောကား ၁ စီး၊ နွားလှည်း ၃ စီး၊ ဆိုင်ကယ် ၁ စီးတို့နဲ့ အရာတော်မြို့ကို ထွက်ခွာလာချိန် လမ်းခုလတ်တနေရာအရောက်မှာ ချုံခိုတိုက်ခိုက်ခဲ့တာ လို့ဆိုပါတယ်။

“သေတဲ့စကစ ၁ ကောင်က ရင်ဘတ်ကိုထိပြီးတော့ ပွဲချင်းပြီးသေတာ မျက်မြင်ပဲ။ အဲဒီအလောင်းနဲ့ ဒဏ်ရာရ ၆ ကောင်ကို စခန်းကနေ ကား ၁ စီးနဲ့လာသယ်သွားတယ်။ အကွာအဝေးနေရာတွေကတော့ ပြောလို့အဆင်မပြေပါဘူးဗျ။ အဲ့နယ်မြေတွေက စခနဲ့ လုနေရလို့ပါ။”လို့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

နှစ်ဘက်ထိတွေ့ တိုက်ပွဲဖြစ်ပွားချိန်ဟာ ၄ နာရီကြာမြင့်ခဲ့ပြီးနောက် တိုက်ပွဲနေရာနဲ့ ၃ မိုင်ခန့်ဝေးတဲ့ အရာတော်လေ့ကျင့်ရေး ၁၀ မှ အင်အားအများအပြားနဲ့ တပ်ကူရောက်ရှိလာခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ အထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း၊ တိုက်နယ် ၉၊၁၀၊၁၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ငွေတွင်းကျေးရွာစခန်းရှိ ကာကင်းစခန်းတွေကို မုံရွာခရိုင် ဗျူဟာ ၆၆ စစ်ကြောင်း၊ မုံရွာခရိုင်တပ်ရင်း အမှတ် ၂၁၊၁၉၊၂၆၊ အရာတော်မြို့နယ်ပကဖအဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

ငွေတွင်းကျေးရွာရှိ ကောင်စီတပ်စခန်းမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီး အင်အား ၁၀၀ ကျော်ရှိပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခိုင်အမာဝင်ရောက်တပ်စွဲထားတာဖြစ်တယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။