ချောင်းဦးမှာ ဗုံးကြဲခံရလို့ သက်ကြီးပိုင်းမောင်နှမ ၃ ဦးသေဆုံး

0 8
0 8

ချောင်းဦး၊ ဧပြီ ၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှ(အနိမ့်)ကျေးရွာကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးပိုင်းမောင်နှမ ၃ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၆ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီဘက်က စက်တပ်လေထီး ၁ စီးနဲ့ ကျေးရွာထဲကို ၁၂၀ မမ ၃ လုံး၊ မီးလောင်ဗုံး ၂ လုံးကိုပစ်ချိန် နေအိမ်တွေပေါ်ကျပြီးအိပ်နေသူတချို့ မီးလောင်သေဆုံးခဲ့ကြတာလို့ ဆိုပါတယ်။

“မီးလောင်လောင်ချင်းလည်း ချက်ချင်း မီးငြှိမ်းသတ်နိုင်တာမျိုးလည်းမရှိဘူး။ လေထီးကလည်း ဝဲနေတာ။ လေထီးက ပြန်သွားပြီးမှမီးသတ်ကားခေါ်ငြှိမ်းတော့ ရုပ်အလောင်းက တော်တော်လေးကို မပီပြင်တော့ဘဲ သေနေကြပြီ”လို့ ဒေသခံတဦးကပြောပါတယ်။

ဗုံးထိမှန်လို့ အသက် ၆၅ နှစ်အရွယ် ဦးဝင်းဇော်ဦး၊ အသက် ၆၈ နှစ်အရွယ် ဒေါ်မြတုတ်၊ အသက် ၆၃ နှစ်အရွယ် ဒေါ်သန်းနုတို့မောင်နှမ ၃ ဦးသေဆုံးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် ဦးစန်းမြင့်နဲ့ အသက် ၄၅ နှစ်အရွယ်ဒေါ်ကြည်ပြာတို့ ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။

ဒါ့အပြင် ဦးဝင်းဇော်ဦးတို့မောင်နှမပိုင် နေအိမ် ၁ လုံးမီးလောင်နဲ့ နောက်ထပ်နေအိမ် ၆ လုံး ပျက်စီးခဲ့တယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

သုံးပန်လှ(အနိမ့်)ကျေးရွာမှာ အိမ်ခြေ ၉၅၀ ခန့်ရှိပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး အကြိမ်လေကြောင်းကနေ ဗုံးကြဲခံရတာကြောင့် ရွာခံတွေလည်းထိတ်လန့်နေကြတယ်လို့ ဆိုပါတယ်။

ခုလိုဗုံးကြဲပစ်ခတ်တာဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းရှိတယ်အထင်နဲ့ လာကြဲတာဖြစ်နိုင်တယ်လို့ သူကခန့်မှန်းပါတယ်။

“ကျနော်တို့အထင်က ရွာမှာ လွှတ်တော်ကိုယ်စားလှယ်ရှိတယ်ထင်ပြီး သူ့အိမ်ကို လာချတာထင်တယ်။ သူကမရှိဘူး။ တော်လှန်ရေးအစကတည်းက ရှောင်နေရတာ။ တော်လှန်ရေးသမားတွေလည်း ရွာမှာမရှိပါဘူး “လို့ ဒေသခံတဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ချောင်းမကျေးရွာနဲ့နွယ်ခွေကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လေကြောင်းကဗုံးကြဲပြီး စစ်ကြောင်းထိုးပစ်ခတ်လို့ နွယ်ခွေကျေးရွာ ပကဖ အဖွဲ့ဝင် ၁ ဦးအပါအဝင် ပြည်သူ ၁၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။