⁨⁩ ⁨ရွာကကားတွေကို ငွေတောင်းဖို့ထွက်လာတဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေ

0 6
0 6

သရက်၊ ဩဂုတ် ၁၁၊ ၂၀၂၆။

မကွေးတိုင်း၊ သရက်မြို့နယ်၊ ရေမျက်ကျေးရွာအနီးမှာ ငွေတောင်းဖို့ထွက်လာတဲ့ ရဲတွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ၃ ဦးသေတယ်လို့ သရက်ခရိုင် တပ်ရင်း ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဩဂုတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ရေမျက်ရဲစခန်းကနေ ရဲတပ်ဖွဲ့ဝင် ၇ ဦးဟာ ဆိုင်ကယ်တွေနဲ့ ထွက်လာချိန် ရေမျက်ကျေးရွာလမ်းပိုင်းပေါ်က ဇရပ်အနီးအရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကျေးရွာကားတွေကို ပိုက်ဆံတောင်းဖို့ထွက်လာတဲ့ ၇ ယောက်ကို အနီးကပ်ဝင်တိုက်ခိုက်ခဲ့တာ ၃ ယောက်နေရာမှာ သေဆုံးတယ်။ သေနတ်တလက် ရတယ်။ တိုက်ပွဲပြီးတော့ ပါရာမိုတာတက်လာပြီး ဗုံးသီးတလုံး ချသွားတယ်။ ပြည်သူတွေနေအိမ်တွေ ထိခိုက်တာတော့ မရှိဘူး”လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

တိုက်ပွဲမှာ အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ခန့်ကြာပြီး ရဲအဖွဲ့ဝင်တွေ ၃ ဦးသေဆုံးပြီးနောက် ကျန်သူတွေက ဆိုင်ကယ်တွေပါထားပြီး ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရဲအဖွဲ့ဝင်တွေကျန်ခဲ့တဲ့ G4 (၁)လက် ၊ ကျည်(၁)ဘောက်နဲ့ ကျည် (၆)တောင့် သိမ်းဆည်းရခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကလည်း သရက်မြို့နယ်၊ ပုဏ္ဍားကျေးရွာအနီးမှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး ၇ ဦး သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – သရက်ခရိုင် တပ်ရင်း (၄)

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။