13 July 2026 1:16 AM

ဆောက စစ်ရှောင် ၁၅,၀၀၀ ကျော် ၁ လကျော်ကြာအထိ နေရပ်မပြန်နိုင်သေးဘဲ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

0 8
0 8

ဆော၊ ဇွန် ၁၃၊ ၂၀၂၆ ။

မကွေးတိုင်း၊ ဆောမြို့နယ်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၁၅,၀၀၀ ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်ကစလို့ ဆောမြို့နယ်တောင်ပိုင်းကျေးရွာတွေကို အင်အားထောင်ချီပါ စစ်တပ်စစ်ကြောင်းတွေ ဖြန့်ခွဲ ဝင်ရောက်လာတာကြောင့် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်တပ်က စစ်ရှောင်တွေဆီပို့ဆောင်မယ့် ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းမှာ စားနပ်ရိက္ခာဝယ်ယူဖို့နဲ့ သွားလာရေးလည်းခက်ခဲလာသလို ရိက္ခာပြတ်လပ်မှုတွေလည်းကြုံတွေ့နေရတာလို့ ဆိုပါတယ်။

“ဟင်းကတော့ အဆင်ပြေအောင်ဖန်တီးစားနေကြရတယ်။ ဟင်းကပုံမှန်မရတာရှိလာတယ်။ ဆန်ဆိုလည်း လောက်ငှမှုနည်းလာတယ်။ ဆန်ပြုတ်သောက်ရတဲ့အခြေနေထိရှိလာတယ်။ အချို့သူတွေက စစ်ရှောင်ကတည်းက ဆန်တွေယူလာတဲ့သူတွေက နည်းပါးအဆင်ပြေကြတယ်။ အချို့စစ်ရှောင်စခန်းတွေကလာကူညီသူအနည်းအကျဥ်းရှိလို့ အနည်းငယ်အဆင်ပြေနေကြသေးပေမယ့် အကူအညီမရတဲ့နေရာတွေမှာ အဆင်ပြေသလိုရှောင်နေရသူတွေက တအားခက်ခဲနေကြတယ်။ အဓိကစားနပ်ရိက္ခာပါပဲ”လို့ စစ်ရှောင်တွေကိုကူညီပေးသူတဦးက မြေလတ်အသံကို ပြောပါတယ်။

လတ်တလောမှာ စစ်ရေးအခြေနေအရ ကျေးရွာတွေမှာ စစ်တပ်စစ်ကြောင်းတွေ ဆက်လက်တပ်စွဲထားဆဲဖြစ်ပြီး ပြန်လည်ဆုတ်ခွာမယ့်အခြေအနေမရှိတာကြောင့် စစ်ဘေးရှောင်ကာလ ပိုကြာလာနိုင်ကာစားနပ်ရိက္ခာအကူအညီမရပါက စစ်ဘေးရှောင်တွေမှာ အငတ်ဘေးနဲ့ကြုံတွေ့လာရနိုင်တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ဆောမြို့ပေါ်နဲ့ ဆောမြို့တောင်ပိုင်းကျေးရွာတွေဖြစ်တဲ့ တပြင်း၊ အကြည်ပန်းပလွန်း၊ အညာပန်းပလွန်း၊ ရေရှင်၊ ကံချောင်း၊ နသိုး၊ ရေယဥ်၊ ကျောက်ဆစ်၊ တောင်ဘို့ကြီးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၅ ရွာက ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ဟာ လက်ရှိအထိ ၁ လကျော်ကြာ စစ်ဘးရှောင်နေရတာပါ။

လောင်းရှည်အခြေစိုက် ကပစ ၂၅ တပ်ကနေ ထွက်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းတွေကလည်း ဇွန် ၁၃ ရက် ဒီကနေ့အထိ တပြင်း၊ ကံချောင်း၊ ဆောမြို့၊ မင်းကြည်၊ သီးကုန်း၊ လောင်းရှည်ကျေးရွာတွေမှာ အင်အားတွေဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။

သတင်း – ကျော်ကြီး

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။