ခလရ ၂၅၅ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို မြို့နယ်ပကဖ ထိန်းသိမ်းထား

0 1
0 1

မကွေး၊ ဇန်နဝါရီ ၁၃၊ ၂၀၂၅။

မကွေးတိုင်း ၊ စလင်းမြို့နယ် ခလရ ၂၅၅ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို စလင်းမြို့နယ် ပကဖ က ထိန်းသိမ်းထားတယ်လို့ ဇန်နဝါရီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ ဇန်နဝါရီ ၅ ရက်ညပိုင်းက ထွက်ပြေးလာတာဖြစ်ပြီး ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းလောက်မှာ တညောင်တိုက်နယ်အတွင်းရောက်လာချိန် စလင်းမြို့နယ် ပကဖ မှ မင်္သကာလို့ စစ်ဆေးရာကနေ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ဒီဘက်နယ်မြေမကျွမ်းကျင်တော့ နယ်မြေအခြေအနေကို မသိဘူး။ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေတွေကိုလည်း သတိမထားကြဘူးဗျ။ အခုလက်ရှိကတော့ သူတို့ကို လူသားချင်းစာနာစွာဖြင့်ပေါ့နော် ဒီအတိုင်းပဲ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။” လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းတာဝန်ခံ ကိုအောင်ဆန်း ကပြောပါတယ်။

ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ မန္တလေးတိုင်းထဲမှာနေထိုင်တဲ့သူတွေဖြစ်ပြီး အောက်တိုဘာလလောက်ကတည်းက ပေါ်တာအဆွဲခံခဲ့ရတာလို့ သိရပါတယ်။

၎င်းတို့ဟာ ရပ်စောက်မြို့ (ဗထူး)သင်တန်းအမှတ်စဉ် ၆ မှာတက်ရောက်ခဲ့ရပြီး ဒီဇင်ဘာလကတည်းက သင်တန်းဆင်းခဲ့ကာ ခလရ ၂၅၅ ကိုပို့ဆောင်ခံရပြီး မကြာခင်မှာ အခုလိုထွက်ပြေးလာကြတာဖြစ်ပါတယ်။

သင်တန်းတက်နေရတဲ့ကာလမှာကတည်းက ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် အခွင့်အရေးမသာခဲ့တာကြောင့် စောင့်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့သင်တန်းကွင်းမှာကတည်းက သူတို့ပြေးချင်တာပေါ့။ အခွင့်ရေးမရတဲ့ အတွက်ကြောင့် သင်တန်းကွင်းမှာကတည်းက မပြေးခဲ့ရဘူးပေါ့နော်။ ဒီဘက်မှာ သူတို့ကနည်းနည်းလစ်တာနဲ့ ပြေးလာတာလို့ပြောတယ်။ လက်နက်တွေနဲ့ ပြေးရတာအဆင်မပြေတဲ့အတွက် သူတို့လက်နက်တွေတော့ ယူမလာခဲ့ဘူးဗျ။” လို့ သတင်းတာဝန်ခံ ကိုအောင်ဆန်းက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ၎င်းတို့ရဲ့ မိသားစုဝင်တွေနဲ့ အဆက်သွယ်ရရှိထားပြီးဖြစ်သလို သူတို့ထဲက ၂ ဦးကတော့ မိသားစုတွေနဲ့ ပြန်လည်နေထိုင်မှာဖြစ်ပြီး ကျန် ၁ ဦးကတော့ စစ်ကောင်စီတပ်သားတွေကို ပြန်လည်ချေမှုန်းသွားဖို့အတွက် စလင်းမြို့နယ်ပကဖဆီမှာ နေထိုင်သွားမှာဖြစ်တယ်လို့ အဲဒီတပ်ဖွဲ့ဆီမှ သိရပါတယ်။

စလင်းမြို့နယ်အတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်များအနေနဲ့လည်း စလင်း(ပကဖ)ဆီ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လိုပါက ထိုက်သင့်တဲ့ဆုကြေးငွေတွေကို ချီးမြှင့်ပေးအပ်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

ဇန်နဝါရီ ၅ ရက်ကလည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ စလင်းမြို့အနီးသွားရောက်ပြီး စလင်း – ဆင်ဖြူကျွန်းကားလမ်းပိုင်း အသုံးပြုနေတဲ့ ခရီးသွားပြည်သူတွေကို စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသေးတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။