ဆော၊ ဧပြီ ၂၈၊ ၂၀၂၆။
မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ရာကနေ အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
ကျောက်ထုမြို့အခြေစိုက် အမှတ် ၃၆၈ အမြောက်တပ်ရင်းကနေ အင်အား ၁၈၀ ခန့်နဲ့ ထွက်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ ကျောက်ထုမြို့နဲ့ ၇ မိုင်သာကွာဝေးတဲ့ ဆောမြို့နယ် ကံကြီးကျေးရွာမှာ ဧပြီ ၂၅ ရက်ကစတင်ပြီး အထိုင်ချတပ်စွဲထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဒီရွာဟာ မကွေး – ချင်း – ရခိုင် ကုန်လမ်းကြောင်းအတွက် အချက်အချာကျတဲ့နေရာလို့ ပြောလို့ရပါတယ်။ စစ်ကြောင်းရောက်ကတည်းက ဘယ်ကုန်ကားမှ အဝင်အထွက်မရှိသလို ကုန်ကားတွေလည်း မဖြတ်ကြပါဘူး။ ၂၆ ရက်က ပလက်ဝဘက်ကနေ ဆင်းလာတဲ့ကုန်ကား ၁ စီး အဖမ်းခံရတာကလည်း လူတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။ အဆင်းဆိုတော့ ကုန်အလွတ်တွေပါ။ ခုတော့ အတက်ခြမ်းက ကုန်ကားတွေ ဆောမြို့ထဲမှာပဲ ရှိနေကြသေးတယ်။” လို့ ဆောမြို့နယ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
စစ်တပ်အထိုင်ချမှုကြောင့် ချင်း – ရခိုင် ဘက်မှ မကွေးတိုင်းဘက်သို့ သွားရောက်မယ့်ကုန်ကားတွေ ဖမ်းဆီးခံရမှာကိုလည်း ကုန်ကားမောင်းသူတွေက စိုးရိမ်နေကြပါတယ်။
“ချင်းနဲ့ ရခိုင်ဘက်က ကုန်ကားတွေတော့ အထွက်နားထားတယ်ဗျ။ မကွေးဘက်ကအဝင်တော့ မသိပေမဲ့ ကျနော်တို့က ပလက်ဝဘက်ကနေ ဆင်းရမှာဆိုတော့ ဖမ်းခံရနိုင်ခြေ ပိုများတယ်။” လို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ကုန်ကားနောက်လိုက်တဦးက ပြောပါတယ်။
ကံကြီးရွာကို အင်အား ၁၈၀ နဲ့ စစ်ကြောင်းထွက်လာတာကြောင့် ကျောက်ထုမြို့ အမတ ၃၆၈ တပ်ရင်းမှာလည်း သူတို့နှင့်အနီးတဝိုက် ကင်းလှည့်တာတွေလုပ်ဆောင်ရာမှာ အင်အားနည်းပါးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
“အမတ ၃၆၈ မှာက ဌာန်ကုန်ရှိမှ အင်အား ၃၀၀ လောက်ပဲ။ ဒီလိုစစ်ကြောင်းထွက်လာတော့ တပ်အင်အားနည်းသွားတယ်။ သူတို့ပုံမှန်လုပ်နေကျ ကင်းပတ်တာတွေ နယ်မြေရှင်းလင်းရေးဝင်တာတွေတောင် အနားကရွာတွေအထိ မရောက်တော့ဘူး။ တပ်နားတင် ကင်းပတ်ပြီးပြန်ကြတယ်။” လို့ သူက ပြောပါတယ်။
ကံကြီးရွာအတွင်း လမ်းဆုံ၊ လမ်းခွမျတွေနဲ့ ရွာအဝင်အထွက်တွေမှာ စစ်ကော်မရှင်တပ်သားတွေကကင်းပုန်း၀ပ် နေရာယူထားကြပြီး ကျေးရွာအတွင်း ပြည်သူအချို့ပဲကျန်ရစ်ကာ အခြားပြည်သူတွေကတော့ ရှောင်ရှားနေကြတယ်လို့ သိရပါတယ်။
သတင်း – မရွှေထား