တောင်ကျချောင်းရေနဲ့မျောသွားတဲ့ ကားပေါ်က လူ ၁၉ ဦးကို အသက်ရှင်လျက်ကယ်နိုင်ခဲ့

0 34
0 34

ကျောက်ပန်းတောင်း၊ ဧပြီ ၂၇၊ ၂၀၂၆။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်း-ပုပ္ပါးလမ်းပေါ် ဆည်ပေါက်ကျေးရွာအနီးချောင်းအတွင်း တောင်ကျချောင်းရေနဲ့ မျောသွားတဲ့ကားပေါ်က လူ ၁၉ ဦးကို အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

ဧပြီ ၂၆ ရက် ညနေ ၅ နာရီကျော်မှာ ဆည်ပေါက်ရွာအနီးတဝိုက် ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားလမ်းရေကျော်နေချိန် ကျောက်ပန်းတောင်မြို့ကနေ ထန်းပေါက်ကုန်းကျေးရွာဘက်ကို မောင်းလာတဲ့ကား ၁ စီးက ချောင်းကိုဖြတ်ကူးရာက ရေစီးနောက်မျောသွားခဲ့တာလို့ ဆိုပါတယ်။

“စျေးဝယ်ပြီးအပြန် ကျောက်ပန်းတောင်းဘက်တော့ မိုးမရွာဘူး။ ဆည်ပေါက်ချောင်းနဲ့အထက်ဘက်ရွာတွေမှာ မိုးရွာသွားတာ။ ရေကျတဲ့အချိန်လေးကတော့ ခဏလေးပါ။ ခဏတာအတွင်းမှာဖြတ်ကူးရင်းနဲ့ အဲ့လိုဖြစ်သွားတာ။”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေစီးနဲ့မျောသွားတဲ့ကားပေါ်မှာ လူ ၁၉ ဦးပါဝင်ပြီး ချောင်းအတွင်း ၁၀ ပေအကွာမျောပါသွားပြီးနောက်ကားပေါ်မှာ ပိတ်မိနေခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့တွေက ၁ နာရီနီးပါးအကြာ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ပေးခဲ့ပြီးနောက် အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တာပါ။

ကားပေါ်ပါသူတွေဟာ ထန်းပေါက်ကုန်းကျေးရွာနေသူတွေဖြစ်တဲ့ အမျိုးသား ၅ ဦး၊ ကိုယ်ဝန်ဆောင်အပါ အမျိုးသမီး ၁၁ ဦး၊ ကလေးငယ် ၃ ဦးတို့ဖြစ်ပြီး မျောသွားတဲ့ ကားကိုတော့ ယမန်နေ့ညပိုင်းမှာ ရေပြန်ကျသွားပြီးနောက် ဒီကနေ့ ဧပြီ ၂၇ ရက်မနက်ပိုင်းမှာ ဆယ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။