ပြည်မြို့မှာ အမျိုးသား ၁ ဦးဖမ်းဆီးခံရ၊ လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေတင်းကျပ်နေ

0 2
0 2

ပဲခူး၊ ဇန်နဝါရီ ၁၇၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပြည်မြို့ပေါ်မှာ ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁၂ နာရီကျော်မှာ အမျိုးသား ၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ညပိုင်းမှာလည်း လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆယ်ထပ်ကြီးဘုရားနောက်ကျောလမ်း၊ နဝဒေးတံတားလမ်းဆုံရှိ Happy Land အားကစားကွင်းနားက ကားလမ်းနံဘေးမှာထိုင်နေတဲ့ အမျိုးသား ၁ ဦးဖမ်းဆီးခံရတာဖြစ်ပြီး အဖမ်းခံရသူရဲ့ အမည်နဲ့ နေရပ်လိပ်စာကိုတော့ မသိရဘူးလို့ ပြည်မြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

“သူကလမ်းဘေးမှာ ဒီအတိုင်းထိုင်နေတာ။ စကစတွေက ဆိုင်ကယ်သုံးလေးစီးနဲ့ ဆင်းလာပြီး ဖမ်းချုပ်ပြီး ဆိုင်ကယ်ပေါ် ဆွဲတင်သွားကြတာပဲ။ ဖမ်းတဲ့အချိန်မှာ ပါးရိုက်သေးတယ်တဲ့။”လို့ ဆိုပါတယ်။

ဖမ်းဆီးခံအမျိုးသားကို ပေါ်တာဆွဲခံရတဲ့သူတွေကို ခေါ်ဆောင်သွားလေ့ရှိတဲ့ ၉၅၉ တပ်ထဲခေါ်သွားတယ်လို့သိရကာ နိုင်ကျဉ်းတွေအဖမ်းခံရတဲ့အခါမှာလည်း စစ်တာမေးတာတွေကို အဲ့ဒီတပ်ထဲမှာလုပ်လေ့ရှိတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်မြို့ပေါ်ရပ်ကွက်တွေမှာပါ လမ်းသွားလမ်းလာတွေကို မထင်ရင် မထင်သလို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လေ့ရှိပါတယ်။ ဇန်နဝါရီ ၁၆ ရက်ညမှာ ရွာဘဲရပ်ကွက်ရှိ၊ ဓမ္မသိင်္ဂီမင်းကျောင်းအနီး လမ်းလျှောက်နေတဲ့အမျိုးသား ၂ ဦးကို အိမ်စီးကားနဲ့လာသူတွေက ကားပေါ်ကနေဆင်းကာ အော်ဟစ်မေးမြန်းတာ စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“ည ၈ နာရီလောက်ပဲ။ ကားက ဟွန်ဒါဖစ်။ ဟို ၂ ယောက် လမ်းလျှောက်နေတာ၊ အလုပ်သမားတွေ ဖြစ်မယ်။ ထမင်းချိုင့်လေးတွေပါတယ်။ အဲ့ဒါ ကားရပ်ပြီးမင်းတို့ဘယ်ကလဲ၊ ဘာကောင်တွေလဲဆိုပြီး အော်ဟစ်စစ်ဆေးနေတာ။” လို့ မျက်မြင်တွေ့ခဲ့သူရဲ့ပြောပြချက်ကိုကိုးကားပြီး နောက်ထပ်မြို့ခံတဦးက ပြောပါတယ်။

အဲ့ဒီလို တားဆီးစစ်ဆေးနေတာကိုတွေ့ခဲ့သူဟာလည်း သူ့ကိုစစ်ဆေးမှာကိုစိုးရိမ်တဲ့အတွက် တခြားလမ်းကနေရှောင်သွားခဲ့တာကြောင့် စစ်ဆေးခံရသူ ၂ ဦး ဖမ်းဆီးခံရမှုရှိမရှိကို မသိခဲ့ရဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ပြည်မြို့ကို စစ်ကောင်စီခန့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနဲ့ ဒုဝန်ကြီးတို့ ၂ ဦးတို့ရောက်ရှိလာခဲ့တာကြောင့် ဗိုလ်ချုပ်လမ်းတလျှောက်နဲ့ ဘုရင့်နောင်လမ်း တလျှောက်ရှိ ဓာတ်တိုင်တတိုင်အကွာမှာ လုံခြုံရေးစစ်သား ၂ ဦးစီချထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ဖုန်းတွေနဲ့ဆိုင်ကယ်တွေကို အဓိကထားစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဝန်ကြီး ၂ ဦးဟာ ပြည်မြို့အရှေ့ပိုင်း၊ ဆင်စုရပ်မြောက်ဘက်မှာတည်ရှိတဲ့ ရွှေဆံတော်ဘုရားမှာ ဆေးပဌာန်းယတြာလာချေတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။