တန့်ဆည်၊ ဧပြီ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအနည်းဆုံး ၁၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်မှာ ၁ ကြိမ်၊ နေ့လယ် ၁၂ နာရီ မိနစ် ၂၀ ခန့်မှာ ၁ ကြိမ်၊ ၁၂ နာရီ ၂၅ မိနစ်ခန့်မှာ ၁ ကြိမ် ရွာထဲနဲ့ ရွာအနီးတဝိုက်ကို ဂျက်ဖိုက်တာနဲ့ ဗုံး ၉ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

“ရွာထဲကျတယ်။ ရွာပြင်တွေကျတယ်။ ရွာထဲကျတဲ့ဟာမှာ ဆိုင် ၃ ဆိုင်ကတော့ ဘာမှကိုမရတော့တာ။ စက်ပစ္စည်းဆိုင်၊ ဆိုင်ကယ်၊ကားဆိုင်ရယ်၊ အဲလိုဆိုင်မျိုးတွေပျက်စီးတယ်။ ထိတဲ့သူတွေက ကံထူးမ ရွာထဲကတွေပါ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးထိမှန်တာကြောင့် အသက် ၂၀ ကနေ ၅၀ ကြား အမျိုးသား ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသူ အချို့လည်းရှိပြီး အိမ်နဲ့ ဆိုင်တွဲလျက် ၃ ဆိုင်မီးလောင်ပျက်စီးတာကြောင့်ကျပ်သိန်းပေါင်း ၂၀,၀၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးမှုရှိနိုင်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေကလည်း လေကြောင်းအန္တရယ် သတိပေးမှုတွေရှိတာကြောင့် ဒေသခံတွေအနေနဲ့သတိထားနေထိုင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၁ နာရီခွဲမှာလည်း ကံထူးမရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၂၀ ဝန်းကျင်လူငယ်တွေအပါအဝင် ၈ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက် ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း – လင်း