မြေလတ်အသံ၊ ဇန်နဝါရီ ၂၁၊ ၂၀၂၅။
၂၀၂၄၊ ၁ နှစ်တာအတွင်း နိုင်ငံတဝှမ်းအမျိုးသမီး ၄၇၈ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ မန္တလေးတိုင်းတို့မှအမျိုးသမီး ၂၄၉ ဦးပါဝင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ရဲ့ ဇန်နဝါရီ ၂၀ ရက် ထုတ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းမှ ၁၀၉ ဦးနဲ့အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှ ၉၂ ဦး၊ ရခိုင်ပြည်နယ်မှ ၈၃ ဦး၊ မန္တလေးတိုင်းမှ ၆၇ ဦး၊ မကွေးတိုင်းမှ ၄၆ ဦး၊ ပဲခူးတိုင်းမှ ၂၇ ဦး၊ မွန်ပြည်နယ်မှ ၁၃ ဦး၊ တနင်္သာရီတိုင်းမှ ၁၂ ဦး၊ ချင်းပြည်နယ်မှ ၉ ဦး၊ ကချင်ပြည်နယ်မှ ၈ ဦး၊ ကရင်နီပြည်နယ်မှ ၈ ဦး၊ ကရင်ပြည်နယ် မှ ၄ ဦးတို့ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသမီးစုစုပေါင်း ၄၁၂ ဦးလည်းဒဏ်ရာရှိခဲ့ပြီး၊ ဒီသေဆုံးထိခိုက်စာရင်းဟာ သတင်းမီဒီယာတွေနဲ့ မြေပြင်မှအချက်အလက်တွေကို လက်လှမ်းမှီသလောက်ကောက်ယူထားတာဖြစ်ပြီး မြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
ထိခိုက်သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA ရဲ့ သေဒဏ်ပေးခံရမှု၊ သတ်ဖြတ်ခံရမှု အပါအဝင် မြေမြှုပ်မိုင်းနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့ကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။