စစ်ကောင်စီကင်းစခန်းအနီး ပိတ်မိနေတဲ့ဒေသခံတွေကို PDF ခေါ်ယူစောင့်ရှောက်ထား

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၂၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ သစ်ခေါက်တောင်ကင်းစခန်းအနီးမှာပိတ်မိနေတဲ့ ဒေသခံ ၁၀၀ ကျော်ကို ဇန်နဝါရီ ၂၁ ရက်မှာ ခေါ်ထုတ်ပြီးစောင့်ရှောက်မှုပေးထားတယ်လို့ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီဒေသခံတွေဟာ စလင်းမြို့နယ်၊ ပိတ်ဆည်ကျေးရွာကဖြစ်ပြီး တိမ်းရှောင်နေကြတဲ့နေရာမှာ နေထိုင်ရေးအဆင်မပြေတာ၊ စစ်ကောင်စီကင်းစခန်းအနီးမှာရှိတဲ့အတွက် စားနပ်ရိက္ခာဝယ်ယူဖို့တွေ အခက်တွေ့နေတာတွေကြောင့် ခေါ်ထုတ်ပြီးစောင့်ရှောက်ပေးခဲ့တာလို့ ဆိုပါတယ်။

“သူတို့က ဘယ်လိုအခက်တွေနဲ့ စစ်ဘေးရှောင်လာရတာလည်းဆိုရင် စစ်တပ်ကင်းစခန်းနဲ့ ကျနော်တို့ ကြားထဲမှာ ပြည်သူတွေကကြားညပ်နေတာ၊ သူတို့က တောထဲမှာတဲတွေထိုးပြီးနေရတာ။ အဲ့ဒါကို ကျနော်တို့က သွားပြီးကယ်ထုတ်ခဲ့တာ။ သူတို့မှာဈေးဝယ်လို့လည်း အဆင်မပြေ၊ ဒုက္ခတွေ ရောက်နေလို့ ကျနော်တို့ဘက်ကို အကုန်‌လုံးခေါ်ခဲ့တော့တာ။”လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျား တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိက ပြောပါတယ်။

အိမ်ခြေ ၆၀ ဝန်းကျင်နေထိုင်တဲ့ ပိတ်ဆည်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် ဒေသခံတွေဟာ ပြီးခဲ့တဲ့နှစ် မေ ၁၁ ရက်ကတည်းက ရွာကတိမ်းရှောင်နေကြရတာလို့ ပိတ်ဆည်ရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“မီးရှို့လို့ ပြေးခဲ့ရတာ၊ နေအိမ် ၂ လုံး မီးရှို့ခံရတယ်။ ကျမတို့ စားအိုးစားခွက်ပဲ ဆွဲပြီးပြေးခဲ့ရတာ ဘာမှမပါဘူး။ ကျွဲ နွား တိရစ္ဆာန်ကလည်း လှည်းတပ်ရုံလောက်ပဲ ပါခဲ့တာ။ ကိုယ့်ခွန်ကိုယ်အားနဲ့ ရှာကြံရုန်းကန်နေရတာ၊ ဒေါင်းညီနောင် မြို့ပြပြောက်ကျားအဖွဲ့က ဦးသတ္တိတို့က စောင့်ရှောက်ပေးထားတာပါ၊” လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ ပိတ်ဆည်ကျေးရွာကဒေသခံတွေကို နေထိုင်ရေး၊ စားသောက်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးထားပြီး ဆောင်းတွင်းကာလာဖြစ်တာကြောင့် စောင်နဲ့အနွေးထည်တွေတော့ လိုအပ်နေတယ်လို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သတ္တိကဆိုပါတယ်။

“လက်ရှိမှာတော့ ကျနော်တို့စိုးမိုးထားတဲ့ရွာမှာ ကျေးမွေးစောင့်ရှောက်ထားတယ်။ ရက်ရှည်ကျွေးမွေး စောင့်ရှောက်ထားရမယ်ဆိုရင်တော့ အဆင်ပြေမှုတော့ဘယ်ရှိပါ့မလဲ။ ကျနော်တို့မှာလည်း ကျနော်တို့ အဖွဲ့အတွက် မနည်းရုန်းကန်နေရတာ။ စစ်ရှောင်ပြည်သူအတွက် အကူအညီတော့ လိုအပ်နေပါတယ်။ ဆောင်းတွင်းကာလဆိုတော့ အနွေးထည်၊ စောင်တို့တော့ လိုအပ်နေပါတယ်။” လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင်တိုက်ပွဲတွေကြောင့် စလင်းမြို့နယ်ထဲက သရက်ကုန်းရွာနဲ့ ဝန်ရရွာက ဒေသခံတွေလည်း ရွာကနေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဒေါင်းညီနောင်မြို့ပြပြောက်ကျားအဖွဲ့အနေနဲ့ စလင်းမြို့နယ်ထဲကို ၂၀၂၄ ဇွန်လမှာ စတင်ဝင်ရောက်လာပြီးနောက် သစ်ခေါက်တောင်ကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၃ ကြိမ်တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။