ညောင်ပင်ကြီးရွာ စက်လှေဆိပ်မှာရှိတဲ့ တဲတွေကို စစ်အုပ်စုက မီးရှို့

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာရဲ့ စက်လှေဆိပ်မှာရှိတဲ့ တဲတွေကို စစ်အုပ်စုက ဇွန်လ ၁၇ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးရဲစခန်းကနေ ထွက်လာပြီး အမှတ်(၃)ရပ်ကွက်မှာရှိတဲ့ စက်လှေဆိပ်ကမ်းက တဲ ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ လက်နက်ကြီးတွေနဲ့ နီးစပ်ရာကျေးရွာတွေဘက်ကို လိုက်လံပစ်ခတ်နေတယ်လို့လည်း ဆိုပါတယ်။

“သူတို့က ရွာတွေကိုပတ်ပြီး မီးလိုက်ရှို့နေတာ။ စခန်းမှာ တဝက်ကျန်ခဲ့တယ်။ တဝက်ကတော့ နေအိမ်တွေကို မီးလိုက်ရှို့နေတယ်။ အဲဒီဆိပ်ကမ်းမှာက တဲ ၃ လုံးပဲရှိတယ်။ အဲဒါကို မီးရှို့သွားတာ။ မနေ့ကလည်း သူတို့ရဲစခန်းတွေ ပြန်ပြင်ဖို့အတွက် ဘိလပ်မြေတွေ မုံရွာကနေသယ်လာသေးတယ်” လို့ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက အင်အား ၁၀၀ ကျော်နဲ့ တပ်စွဲထားတာ ဇွန်လ ၉ ရက်ကနေ ဒီနေ့အထိပဲ ဖြစ်ပါတယ်။ အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ညောင်ပင်ကြီးရွာထဲမှာရှိတဲ့ နေအိမ်တချို့ကို ဖျက်ဆီးပြီး အဲဒီနေရာတွေကို တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းမယ်လို့လည်း ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့ဝင် ကိုစနေ က အခုလိုပြောပါတယ်။

“ရွာထဲမှာ ကျန်နေသေးတဲ့ အိမ်တွေကိုလည်း နေ့တိုင်းပဲမီးရှို့နေတယ်။ တချို့သော နေအိမ်တွေကို မြေကော်စက်တွေနဲ့ ထိုးပြီး တပ်ပိုင်မြေအဖြစ် သိမ်းနေတယ်လို့ သိရတယ်။ ရွာသားတွေလည်း အခုချိန်ထိ အဆင်ပြေမယ့် ရွာတွေဆီ ရှောင်တိမ်းနေရတယ်” လို့ သူကဆိုပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ဇွန်လ ၁၅ ရက်ကလည်း နှင်းတောရွာသား ၈ ဦးကို ညောင်ပင်ကြီးရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ နေအိမ်ကိုပြန်လည်ရောက်ရှိခြင်းမရှိသေးဘဲ ရဲစခန်းပြန်လည်ပြုပြင်ဖို့အတွက် ဘိလပ်မြေအိတ်တွေ ထမ်းပိုးပေးနေရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က ညောင်ပင်ကြီးကျေးရွာထဲမှာ အထိုင်ချထားတဲ့အတွက် ညောင်ပင်ကြီးရွာ အပါအဝင်၊ အိုမ၊ ထန်းတောကြီး၊ ရွာရှည်၊ ရုံးပင်ရိုး၊ ထန်းတော၊ ပလောက်၊ ဝက်မှေး၊ ကံကော်၊ နှင်းတော၊ သိမ်တော၊ အောင်ချမ်းစည်၊ ရွှေအင်းလေး အစ ရှိတဲ့ ကျေးရွာက ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း – နွေဦးငြိမ်းချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။