ညောင်ပင်ကြီးရဲစခန်းရှိ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး သေဆုံး

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ အနီးရှိ နှင်းတောကျေးရွာက အမျိုးသားတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၄ ရက်မနေ့ မနက် ၉ နာရီလောက်မှာ ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် နှင်းတောရွာသားတဦး သေဆုံးပြီး၊ နောက်ထပ်အမျိုးသား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

“ညောင်ပင်ကြီးရဲစခန်း ပစ်ခတ်ခံရပြီးနောက်ပိုင်းမှာ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်တယ်။ မနေ့က လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတဲ့သူရဲ့ အလောင်းကို ပြန်မရသေးပါဘူး၊ ထိခိုက်ဒဏ်ရာရသွားတဲ့ ၂ ယောက်ကိုလည်း ဆေးရုံကို ပို့ပေးထားပါတယ်” လို့ ချင်းတွင်းမြစ်သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေနဲ့ပတ်သက်တဲ့ ကိုယ်ရေးအချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒါ့အပြင် မနေ့ကတရက်တည်းမှာတင် စစ်ကောင်စီတပ်သားတွေက နှင်းတောရွာသား ၈ ဦးကိုလည်း ညောင်ပင်ကြီးရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇွန်လ ၁၅ ရက် ဒီနေ့အထိ ပြန်လွတ်မလာသေးဘူးလို့ သိရပါတယ်။

“ရွာသားတွေ ရွာထဲပစ္စည်းဝင်ယူပြီး ပြန်ထွက်ချိန် သူတို့ (စစ်ကောင်စီ)နဲ့တိုးပြီး အဖမ်းခံလိုက်ရတယ်။ အဖမ်းခံလိုက်ရတာ ယောကျာ်းလေးတွေချည်းပဲ အသက်အရွယ်တွေက ၂၅ နဲ့ ၃၀ ကြား အရွယ်တွေပါ။ ရွာသားတွေကို ရဲစခန်းမှာ အလုပ်လုပ်ခိုင်းဖို့ ဖမ်းသွားတာနေမှာ” လို့ အထက်ပါသပိတ်ကော်မတီဝင်က ဆက်ပြောပါတယ်။

ညောင်ပင်ကြီးရဲစခန်းမှာ နှင်းတောရွာသား ၈ ဦးအပါအဝင် အခြားကျေးရွာက ဒေသခံတွေလည်း ဖမ်းဆီးခံထားရပြီး၊ ရွာလမ်းတချို့ကိုလည်း ဘက်ဟိုးကားနဲ့ ဖျက်ဆီးထားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ PDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ညောင်ပင်ကြီးရဲစခန်းကို ဝင်ရောက်ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ရာ စစ်အုပ်စုဘက်က သေဆုံးမှုများခဲ့တာကြောင့် လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူ အများအပြား အသုံးပြုခဲ့တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။