ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က ၅ ကြိမ်မြောက်မီးရှို့၊ စုစုပေါင်း နေအိမ် ၃၀၀ ကျော်ပျက်စီးခဲ့

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၁၄ ရက် ဒီမနက် ၉ နာရီခွဲလောက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၈၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီမနက် ၆ နာရီလောက်မှာ ရွာထဲကို လက်နက်တွေ ပစ်ဖောက်ဝင်လာပြီးနောက် နေအိမ်တွေကိုမီးရှို့ခဲ့ရာ နေအိမ် ၃၁ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

“သူတို့ရွာထဲကနေ ပြန်ထွက်ချိန်မှာ အိမ်တွေကို မီးရှို့တယ်။ ရွာထဲကနေအိမ် ၃၁ လုံးမီးလောင်သွားတယ်။ ဖမ်းဆီးခံရတဲ့ သူတွေတော့ မရှိပါဘူး၊ ရွာထဲကိုလည်း ရွာသားတချို့ပဲ ဝင်သေးတယ်” လို့ Armed Revolutionary Force – KU တပ်ဖွဲ့တာဝန်ခံ ကိုအဂ္ဂ က ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ ကံသစ်ကျေးရွာကို မီးရှို့ပြီးနောက် အဲဒီရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ သာကရကျေးရွာထဲကို ပြန်လည်ဝင်ရောက်သွားချိန် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကိုပါ ခံခဲ့ရပါသေးတယ်။

“သူတို့က သာကရရွာထဲက ဆန်စက်ထဲမှာ ရောက်နေတယ်လို့ ကြားတယ်။ သာကရရွာထဲ မရောက်ခင် ကံသစ်ရွာအထွက်မှာ မိုင်းဆွဲခံရသေးတယ်။ ထိခိုက်တာ ရှိ၊မရှိတော့ ကျနော်တို့လည်း သေချာမသိရသေးဘူး။ လက်နက်တွေ ပစ်ဖောက်နေတာမျိုးတော့ ရှိတယ် ” လို့ ကိုအဂ္ဂ က ဆက်ပြောပါတယ်။

ကံသစ်ရွာကို ဒီတကြိမ်မီးရှို့တာဟာ ၅ ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း နေအိမ် ၃၅၉ လုံးပျက်စီးဆုံးရှုံးခဲ့ကာ ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။

“ပထမအကြိမ် မီးရှို့ခံရတုန်းကတော့ မီးလောင်မကုန်လို့ ကျန်ခဲ့တဲ့ သစ်တိုသစ်စတွေနဲ့ ပြန်ဆောက်ပြီး နေကြတယ်။ ခဏခဏ မီးရှို့ခံရတော့ အဆင်ပြေသလို တဲတွေဆောက်ပြီးနေကြတယ်။ အခုလည်း သူတို့မီးရှို့လို့ အိမ်ခြေ ၁၀၀ လောက်ပဲကျန်တာကို ထပ်ပြီးမီးရှို့သွားသေးတာ။ ကျနော့်အိမ်လည်း မီးထဲပါသွားတယ်” လို့ ကံသစ်ဒေသခံ တဦးကပြောပါတယ်။

ကံသစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေက ၂၀၂၂ ခုနှစ် ဇွန်လ မှာ နေအိမ် ၅၂ လုံး၊ နိုဝင်ဘာလမှာ နေအိမ် ၇ လုံး၊ ၂၀၂၃ ခုနှစ် မေလမှာ နေအိမ် ၂၀၆ လုံး၊ ဇွန်လ ၄ ရက်နေ့မှာ နေအိမ် ၆၅ လုံး နဲ့ ဇွန်လ ၁၄ ရက်နေ့မှာ နေအိမ် ၃၁ လုံး စုစုပေါင်း နေအိမ် ၃၅၉ လုံး ပျက်စီးခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။