ပဲခင်းတွေကို ဝင်ခိုးခူးတဲ့ ပျူစောထီးအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၄ ဦးထက်မနည်း ထိခိုက်

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာနဲ့ ကြာပိုင်ကျေးရွာကြားရှိ ဒေသခံပိုင်ပဲခင်းတွေကို ဝင်ရောက်ခူးယူနေတဲ့ ပျူစောထီးအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်းထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့ မနက် ၇ နာရီခန့်မှာ တောပုကျေးရွာနေ ပျူစောထီးအင်အား ၄၀ ခန့်ဟာ ရွာကပ်လျက်ရှိ ကြာပိုင်ကျေး ရွာပြည်သူတွေစိုက်ထားတဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခူးနေချိန် ဒရုန်းနဲ့ ဗုံးတလုံးချ တိုက်ခိုက်ခဲ့တာလို့ Sun King Envoy Monywa တာဝန်ရှိသူ ကိုပန်ဒါက မြေလတ်အသံကို ပြောပါတယ်။

“ကြာပိုင်ပြည်သူတွေစိုက်ထားတဲ့ ပဲခင်းမှာဝင်ခိုးနေကြတာ။ အဲ့အချိန်သတင်းရလို့ ဒရုန်းနဲ့ဗုံးချခဲ့တာ။ တောပုက ပျူတွေက သူတို့နဲ့နီးစပ်တဲ့ရွာတွေက ဒေသခံပိုင်ပစ္စည်းတွေကို ခုလိုဘဲ ယူနေကြဖြစ်နေပြီ” လို့ ပြောပါတယ်။

ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရလို့ ပျူ ၄ ဦးထက်မနည်း ထိခိုက်သွားတာကြောင့် ပျူစောထီးအဖွဲ့တွေဟာ သူတို့ခူးယူထားတဲ့ ပဲတီစိမ်းတွေကိုမယူနိုင်တော့ဘဲ တောပုရွာဘက်ကို ပြန်ပြေးသွားတယ်လို့ ဆိုပါတယ်။

တောပုကျေးရွာက ပျူစောထီးတွေဟာ ကြာပိုင်ကျေးရွာထဲကို မကြာခဏဝင်ရောက်ပြီး ဒေသခံတွေပိုင်တဲ့ တန်ဖိုးရှိပစ္စည်းတွေ အပါအဝင် စက်ဘီး၊ ကလေးကစားစရာ၊ ဆန်၊ ဆီ၊ ဆား အပါအဝင် မီးဖိုချောင်သုံးပစ္စည်းတွေပါမကျန် အုပ်စုဖွဲ့လာရောက်ယူဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု Democratic Local Coalition (DLC)တွေ က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်ကလည်း တောပုကျေးရွာကနေ မုံရွာဘက်ကို အိမ်စီးကားနဲ့ထွက်လာတဲ့ ပျူစောထီးအဖွဲ့ တောပုရွာ အထွက်နားမှာ PDF ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာခံခဲ့ရတာကြောင့် ၃ ဦးသေဆုံး ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။