ဆားလင်းကြီး ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား

0 1
0 1

စစ်ကိုင်း၊ ဇွန် ၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်နဲ့ ရာဇကျော်ကျေးရွာက ဒေသခံ ၄၅ ဦးခန့်ကို ဇွန်လ ၆ ရက် ဒီနေ့မနက်ပိုင်းအချိန်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီထဲမှာ တပ်စွဲထားတဲ့ အင်အား ၇၀ ကျော်ပါစစ်ကြောင်းဟာ တပ်စွဲနေရာကထွက်ပြီး ယင်းမာပင်မြို့နယ်ဘက်ကိုသွားချိန် လမ်းမှာတွေ့ရတဲ့ မိုးကြိုးပြင်ရွာက ၁၅ ဦးနဲ့ ရာဇကျော်ရွာက ၃၀ဦး ခန့်တို့ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆားလင်းကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စကစတွေက ဝမ်ပေါင်ကထွက်ပြီးတော့ ယင်းမာပင်ဘက်ကို ခြေလျင်သွားတာ။ လမ်းမှာ မိုးကြိုးပင်ရွာထဲဝင်ပြီးတညအိပ်တယ်။ မနက်လင်းတော့ ရွာကထွက်တဲ့အချိန်မှာ လမ်းမှာတွေ့တဲ့ဒေသခံတွေကို ဖမ်းခေါ်သွားတာ။ အဲ့ရွာကနေတဆင့် ရာဇကျော်ရွာကိုဝင်ပြီးတော့လည်း တွေ့တဲ့လူကိုဖမ်းခေါ်သွားတာ။ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ။ အခု စကစတွေနဲ့ဒေသခံတွေက ယင်းမာပင်နယ်ကို ရောက်သွားပြီ” လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရသူတွေမှာ အသက် ၂၀ ကျော်၊ ၃၀ကျော်အရွယ်ရှိကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေပါတယ်လို့သိရပြီး သူတို့ရဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖမ်းဆီးသွားတဲ့ ဒေသခံ ၄၀ ကျော်နဲ့ အတူ လက်ရှိမှာ ယင်းမာပင်မြို့နယ်၊ အင်းကြင်းတောင်နဲ့ နှောရိုးကောင်းဆင့်ကျေးရွာကြားကို ရောက်ရှိနေပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့မှာလည်း မုံရွာဘက်ကနေ အင်အား၂၀၀ ကျော်ပါတဲ့ စစ်ကြောင်းတခုဟာ ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီးရွာထဲကို ဝင်ရောက်ပြီး တပ်စွဲခဲ့တာကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၁ သောင်းကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကာ ဇွန်လ ၆ ရက် ဒီနေ့အထိ မိမိတို့ရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

အဲဒီနောက် စစ်ကြောင်းဟာ ဇွန်လ ၅ ရက် မနေ့ကညနေ ၄ နာရီကျော်မှာ ရွာထဲကနေ ထွက်ပြီး ဝမ်ပေါင်ကုမ္ပဏီကို ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ပုံစာ – ဇွန်လ ၄ ရက်နေ့က စစ်ကြောင်းထိုးလာလို့ ထွက်ပြေးခဲ့ရတဲ့ ဆားလင်းကြီးဒေသခံများ။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။