ကလေးမှာ စစ်အုပ်စုက လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ ပြည်သူ ၈ ဦးဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးနဲ့ပါ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၈ ဦး ထိမှန်ဒဏ်ရာ ရထားတယ်လို့ သိရပါတယ်။

ဇွန်လ ၅ ရက် ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစီးနဲ့ ရှုခင်းသာရွာကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၁၁ နာရီခွဲဝန်းကျင်မှာတော့ ကလေးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ လက်ပံချောင်းရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေ ထိမှန်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ကလေးမြောက်ပိုင်းကို လေကြောင်းပစ်နေပြီ၊ စာသင်ကျောင်း ပစ်ခံရတာ၊ လက်နက်ကြီးနဲ့ပစ်တာလည်း ထိထားတယ်၊ ခုလည်း လေယာဉ်နောက်တစီးပတ်ဝဲနေတာမို့ သတိထားနေရတယ်” လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လေကြောင်းပစ်ခတ်ခံရလို့ ရှုခင်းသာရွာက ဒေသခံ ၄ ဦး ထိမှန်ဒဏ်ရာရခဲ့တဲ့အပြင် ကျေးရွာစာသင်ကျောင်း လည်းပျက်စီးခဲ့ပြီး သေဆုံးသူတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် လက်နက်ကြီးနဲ့ပစ်ခတ်လို့ လက်ပံချောင်းရွာက ဒေသခံ ၄ ဦး ကျည်ထိမှန်ခဲ့ကာ တဦးကတော့ ခြေထောက်ပြတ်သွားပြီး တဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။

ထိခိုက်သူတွေထဲမှာ အမျိုးသား၊ အမျိုးသမီးဘယ်နှစ်ဦး ပါလဲဆိုတာနဲ့ လူနာတွေရဲ့ အသေးစိတ်အချက်လက်ကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ မြေပြင်နဲ့နီးစပ်သူ အထက်ပါဒေသခံက ပြောပါတယ်။

နေ့လယ် ၁၂ နာရီမှာလည်း နောက်ထပ် တိုက်ခိုက်ရေးရဟတ်ယာဉ်တစီးက ကလေးမြို့ပေါ်ကို ပျံသန်းတာတွေ လုပ်နေတဲ့အတွက် ကလေးမြို့မြောက်ပိုင်းက ပြည်သူတွေ သတိနဲ့နေနေရတယ်လို့ ဆိုပါတယ်။

ကလေးမြို့တောင်ပိုင်းမှာ မေလ ၂၇ ရက်က ၃ ပွင့်ဗိုလ်တဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကျော်သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီက ကလေးမြို့ပေါ်ကို စဉ့်ကူးကနေ အင်အား ၃၀၀ နီးပါး ထပ်မံဖြည့်တင်းထားပြီး ဂန့်ဂေါ-ကလေးနယ်စပ်မှာလည်း စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။