ချောင်းဦးရွာ ၃ ရွာကို တဆက်တည်းဗုံးကြဲလို့ ကလေးငယ်အပါ ၂ ဦးသေဆုံး

1 16
1 16

ချောင်းဦး၊ ဇန်နဝါရီ ၁၀၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာ ၃ ရွာ စက်တပ်လေထီးနဲ့ဗုံးချခဲ့ရပြီး ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၀ ရက် မနက် ၉ နာရီခွဲခန့်မှာ စက်တပ်လေထီးဟာ တောင်ဖီလာ၊ ညောင်ပင်တဲ၊ ညောင်ပင်သာရွာတွေကို ဗုံး ၁ လုံးစီကြဲချသွားတာလို့ ဆိုပါတယ်။

“ဗုံးတွေက ပြည်သူနေအိမ်တွေနား ရွာထဲကိုကျတာ။ ကလေးငယ် ၁ ယောက်နဲ့ အမျိုးသား ၁ ယောက် သေတယ်။ တောင်ဖီလာမှာက ရွာကိုလာလည်တဲ့ဧည့်သည်သေတာ။ ကလေးကကျတော့ စက်တပ်လေထီး လာတာကို ထွက်ကြည့်ချိန်ထိတာလို့တော့ ကြားတယ်”လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးထိမှန်တာကြောင့် ညောင်ပင်တဲကျေးရွာက အသက် ၁၀ နှစ်ဝန်းကျင် မိန်းကလေးငယ် ၁ ဦး၊ တောင်ဖီလာကျေးရွာက အသက် ၃၀ ကျော်အမျိုးသား ၁ ဦးတို့သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါကျေးရွာ ၂ ရွာပေါင်း ဒေသခံပြည်သူ ၅ ဦးခန့်ထိခိုက်ဒဏ်ရာရပြီး အရေးပေါ်ဆေးကုသနေကာ ညောင်ပင်သာကျေးရွာကတော့ လူထိခိုက်မရှိဘူးလို့ ဆိုပါတယ်။

ဗုံးကြဲခံရတဲ့ ကျေးရွာ ၃ ရွာက ၁ မိုင်ခွဲဝန်းကျင်ကွာဝေးပြီး ဒေသခံတွေကတော့ ဗုံးလာကြဲချိန် ကတုတ်ကျင်းတွေထဲ ဝင်ပုန်းခဲ့ကာ ရွာကနေထွက်ပြေးကြတာတော့မရှိဘူးလို့ သိရပါတယ်။

နိုဝင်ဘာ ၂ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။