ဒုတိယအကြိမ် မိုင်းခွဲခံရလို့ အင်းသဘောက်တံတား ပြိုကျပြီး လာစစ်ဆေးတဲ့ စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့ဗုံးကြဲခံရ

0 1
0 1

ပဲခူး၊ မေ ၃၀၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ဆိတ်ကြီးရွာအနီး အင်းသဘောက်တံတားဟာ ဒုတိယအကြိမ်မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

မေလ ၂၉ ရက် ည ၁၂ နာရီခန့်မှာ ကျောက်ကြီး-နတ်သံကွင်းလမ်းပိုင်းက အင်းသဘောက်တံတားကို KNU တပ်မဟာ ၃ စစ်ကြောင်း ၁ နဲ့ တပ်ရင်း ၉ ပူးပေါင်းအဖွဲ့တွေကမိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ ဒေသတွင်း PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

“ဒီတံတားကလည်း စကစ အတွက် ပဲခူးရိုးမထဲကိုဝင်ရင် စစ်ရေးအရအသုံးပြုနေတဲ့ လမ်းကြောင်းတခုလည်းဖြစ်တယ်။ ဒါကြောင့် စစ်ရေးအရ လုပ်လိုက်တဲ့သဘောဖြစ်မယ်” လို့ ပြောပါတယ်။

အဲဒီတံတားဟာ အကျယ် ၁၅ ပေခန့်နဲ့ အလျားပေ ၈၀ ခန့်ရှိ RC ကွန်ကရစ်တံတားဖြစ်ပြီး မိုင်းခွဲခံရလို့ ပေ ၂၀ ခန့် ပြိုကျပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ယနေ့ မေလ ၃၀ ရက် နေ့လည် ၁၂ နာရီခန့်မှာတော့ ပျက်စီးသွားတဲ့ တံတားကိုလာကြည့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေနေကိုတော့ မသိရသေးပါဘူး။

အင်းသဘောက်တံတားဟာ ကျောက်ကြီးမြို့တွင်းကနေ နတ်သံကွင်းကျေးရွာဘက်ကိုသွားတဲ့ လမ်းပေါ်က မြောင်းကူးတံတားတစင်းသာဖြစ်ပြီး မေလ ၂၃ ရက်နေ့ မနက်ပိုင်းကလည်း မိုင်းထောင်ဖောက်ခွဲခံရပြီး တံတားအလယ်ကြမ်းခင်း ၅ ပေပတ်လည်ခန့် ကျွံကျသွားသေးတယ်လို့ သိရပါတယ်။

တံတားပျက်စီးသွားလို့ ဒေသခံတွေအနေနဲ့ အခြားလမ်းက အစားထိုးသွားလာရတာ‌တွေရှိပြီး အချိန်ပိုကြာမြင့်တာနဲ့ ဆီကုန်တာမျိုးတော့ ကြုံတွေ့ရတယ်လို့ သိရပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။