ရွှေကျင်၊ ဧပြီ ၉၊ ၂၀၂၆။
ကရင်အမျိုးသားအစည်းအရုံး – KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ ဆောထိ (ရွှေကျင်) မြို့နယ်မှာ စစ်ကော်မရှင်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ဧပြီ ၄ ရက်မှာ ဆောထိ (ရွှေကျင်) မြို့နယ်ထဲက ညောင်ပင်ကြီးရွာသစ်ထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကြဲချခဲ့ရာ စောမင်းသူ ဆိုသူထိမှန်သေဆုံးပြီး အသက် ၂၅ နှစ်အရွယ် စောဒဲလေး၊ အသက် ၃၀ အရွယ် မောင်သောင်တာနဲ့ စောမောရေထူး တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ခလယ်လွီထူခရိုင်အတွင်းက မြို့နယ် ၃ မြို့နယ်လုံးကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းသုံးကာ နေ့စဥ်ပစ်ခတ်နေတာကြောင့် ပြည်သူတွေစိုးရိမ်နေကြရတယ်လို့လည်း ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်မှာလည်း စစ်ကော်မရှင်ရဲ့ ခလရ ၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီး ၆ လုံးနဲ့ပစ်ခတ်ခဲ့ချိန် ကြိတ်ကွင်းရွာကိုကျရောက်ပေါက်ကွဲပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ပါသေးတယ်။
အလားတူ မူးမြို့နယ်အတွင်း မတ်လ ၃၀ ရက်မှာလည်း တောင်ငူလေတပ်စခန်းကနေ အုန်းတောတွင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချခဲ့ရာ အသက် ၂၃ နှစ်အရွယ် မသင်းမြသူနဲ့ ၄ နှစ်အရွယ် မစန်းသော်တာတို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ဖော်ပြထားပါတယ်။



















