သာဂေါင်ရွာ ဗုံးကြဲခံရလို့ အမျိုးသား ၁ ဦးဒဏ်ရာရပြီး အိမ် ၂ လုံးပျက်စီး

0 2
0 2

မကွေး၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်းပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

သာဂေါင်ရွာကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ ဖေဖော်ဝါရီ ၁၃ ရက်ဒီမနက် ၂ နာရီ ၅ မိနစ်မှာ ၁ ကြိမ်၊ ၂ နာရီ ၁၀ မိနစ်မှာ ၁ ကြိမ်၊ စုစုပေါင်း ၂ ကြိမ်ဗုံးကြဲချခံရတာလို့ ဆိုပါတယ်။

“ဝဲပြီးတော့ ၂ ကြိမ်ကြဲသွားတာ။ ၁ ကြိမ်ကြဲလိုက် ၁ ကြိမ်ပျံဝဲလိုက်၊ မြို့ပေါ်ရပ်ကွက်တွေကော ဝဲပြီးတော့ ဗုံးကြဲသွားတာ။ လူနေအိမ် ၂ လုံးပျက်စီးတယ်၊ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူကတော့ နည်းနည်းတော့စိုးရိမ်ရတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိမှာဒဏ်ရာရသူဟာ အသက် ၄၀ အရွယ်အမျိုးသားဖြစ်ပြီး သူရဲ့အိမ်မှာအိပ်နေချိန် ဗုံးစထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“ဒဏ်ရာရတဲ့သူကိုတော့ ကျေးလက်ကျန်းမာရေးဆေးခန်းမှာ သူတို့နည်းနဲ့သူတို့ ကုနေရတယ်။ ရေစကြိုမြို့ပေါ်ကုဖို့ဟာကလည်း မဖြစ်ဘူး။ စစ်တပ်က ကုခွင့်လည်းမပေးဘူး။”လို့ ရေစကြိုမြို့ ဒေသခံတဦးက ပြောပါတယ်။

သာဂေါင်ရွာမှာ အိမ်ခြေ ၆၀၀၊ လူဦးရေ ၂,၅၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာလကလည်း ၁ ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ၁၅ နှစ်အရွယ်အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။