ထောက်ပံ့မှု မရတော့လို့ ရေရှင်စခန်းက စစ်ရှောင် ၁၅၀၀ ကျော် ဆန်ပြတ်လပ်မှု ကြုံနေရ

0 1
0 1

စစ်ကိုင်း၊ မေ ၂၆၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ရေရှင်စစ်ဘေးရှောင်စခန်းမှာ ကူညီထောက်ပံ့မှုတွေ ရုတ်တရက် ရပ်တန့်သွားလို့ စစ်ရှောင်တွေ ဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

ယခု မေလ ပိုင်းမှာစတင်ပြီး အကူညီတွေပြတ်တောက်သွားကာ စစ်ရှောင်တွေစားသောက်ဖို့အတွက် ဆန်တွေအရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုသူရိန်ဇင်က ဆိုပါတယ်။

“အစက လစဉ်ထောက်ပံ့တဲ့ ပြည်တွင်းပြည်ပက ကူညီနေတဲ့ NGO အဖွဲ့လေးတွေရှိတယ်၊ အဓိကကတော့ ပြည်ပကနေထောက်ပံ့တာပေါ့။ လက်ရှိမှာတော့ အဲ့အဖွဲ့တွေက ရုတ်တရက် ထောက်ပံ့မှုပြတ်တောက်သွားတယ်၊ ခုဆို တပတ်လောက်ပဲ တောင့်ခံနိုင်တဲ့ အခြေနေဖြစ်နေတယ်၊ အရင်က ၃ နပ်စားရင် ခုက ၂ နပ်လျော့စားရတဲ့ အဆင့်ကိုရောက်နေတာ။” လို့ ပြောပါတယ်။

ရေရှင်စစ်ဘေးရှောင်စခန်းမှာ တဲအိမ် ၄၀၀၊ လူဦးရေ ၁၅၀၀ ကျော်ရှိပြီး လတ်တလောမှာတော့ အနီးနားကအဆင်ပြေနေသေးတဲ့ စစ်ဘေးရှောင်တွေဆီက မျှဝေစားသောက်ကာ ‌ဖြေရှင်းနေရပြီး ရေရှည်အတွက်ကတော့ အဆင်မပြေနိုင်ဘူးလို့ ဆိုပါတယ်။

စစ်စရှောင်ကတည်းက လစဉ်ထောက်ပံ့မှုရပေမယ့် အခုလကစပြီး ထောက်ပံ့မှု မရတော့တာဖြစ်ပြီး ဘာကြောင့်အကူညီရပ်တန့် လိုက်လည်းဆိုတာကိုတော့ မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေကို အဓိကကူညီနေတဲ့ ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းတွေက တလကိုတကြိမ်ဖြစ်စေ ၂ လကို တကြိမ်ဖြစ်စေ လူတဦးကို ဆန် ၆ ပြည်ဆီထောက်ပံ့လေ့ရှိပြီး ပြင်ပအလှူရှင်တွေနဲ့ ပေါင်းလိုက်ရင် စစ်ရှောင်တွေစားသောက်ဖို့က လုံလောက်တယ်လို့ သိရပါတယ်။

ရေရှင်စစ်ဘေးရှောင်စခန်းဟာ ရေရှင်ရွာတရွာလုံး စစ်ရှောင်နေကြတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မေလ ၁၀ ရက်နေ့ကတည်းက ရေရှင်ရွာကို စစ်ကြောင်းဝင်ကာ ရွာလုံးကျွတ်မီးရှို့သွားတဲ့အတွက် တရွာလုံးနေစရာမရှိတော့ဘဲ စစ်ရှောင်စခန်းမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

ကလေးမြို့တောင်ပိုင်းကို စစ်ကောင်စီက မကြာခဏဆိုသလို စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်လေ့ရှိပြီး မေလ ၂၄ ရက် မနေ့ကလည်း လက်နက်ကြီးနဲ့ပစ်ခတ်လို့ ထောက်ကြန့်ရွာက အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၂ ဦးနဲ့ လူကြီးတဦး ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။