ဓားစာခံအဖြစ် ဖမ်းဆီးခံရတဲ့ လှတောရွာသား ၁၅ ဦးအနက် ၃ ဦး ထွက်ပြေးလွတ်မြောက်

0 1
0 1

စစ်ကိုင်း၊ မေ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ်မှ လှတောရွာသား ၁၅ ဦးကို စစ်ကောင်စီက မေလ ၂၄ ရက်မှာ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာမှာ ၃ ဦးဟာထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေဟာ အသက် (၅၅ )နှစ်အရွယ် ဦးမြင့်ဦး၊ အသက် (၃၃)နှစ်အရွယ် ကိုဖိုးလပြည့် နဲ့ အသက် (၂၉) နှစ်အရွယ် ကိုစိုးလင်းတို့ဖြစ်ပြီး ဖမ်းဆီးခေါ် ဆောင်သွားတဲ့ စစ်ကောင်စီလက်က မေလ ၂၅ ရက် ဒီနေ့မနက် အစောပိုင်းလောက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့တာဖြစ်တယ်လို့ လှတောပကဖ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ကိုဖမ်းသွားကတည်းက ၅ ယောက်တဖွဲ့စီဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားတဲ့အချိန်မှာ သူတို့ကို ကျည်တွေ ထမ်းခိုင်းတယ်။ နောက်ပြီး ပြောသေးတယ်။ လှတောရွာကိုပြန်ဝင်ပြီ မီးရှို့ဦးမယ်ဆိုတာတွေ။ ဒီနေ့မနက်မိုးမလင်းတလင်းလောက်မှာ စကစတွေက အရက်သောက်ပြီး မူးနေတော့ သူတို့သုံးယောက်က အနောက်ပေါက်ကနေထွက်ပြေးခဲ့ကြတာ။ သူတို့နဲ့အတူ အခြားသူတွေလည်းထွက်ပြေးတယ်လို့ကြားတယ်။ အခုချိန်ထိတော့ ဘာသတင်းမှ မသိရသေးဘူး”လို့ သူက ဆက်ပြောပါတယ်။

ဓားစာခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့မှာရှိနေပြီး လှတောကျေးရွာကို ပြန်လာမယ့် သတင်းတွေကြားနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလက်ရှိအချိန်မှာတော့ လှတောကျေးရွာကဒေသခံတချို့ဟာ နှမ်းတွေ ရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် မိမိတို့စိုက်ပျိုးထားတဲ့ နှမ်းတွေကို ရိတ်သိမ်းနေကြပေမယ့်လည်း စစ်ကောင်စီတပ်ဖွဲ့ ကျေးရွာထဲကို ပြန်လည်ဝင်ရောက်လာလျှင် ထွက်ပြေးတိမ်းရှောင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။

မေလ ၂၃ ရက်ကစပြီး အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လှတောကျေးရွာထဲကို စစ်ကြောင်းထိုးလာချိန် ရွာထိပ်မှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၂ ဦးကို စစ်ဆေးနေချိန် ဆိုင်ကယ်ဘောက်အတွင်း မိုင်းတွေ့ လို့ဆိုကာ ဖမ်းဆီးသွားပြီးနောက် လှတောရွာအနီးက တောစပ်တနေရာမှာ သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။

စာတည်း − လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။