ပေါင်းတည်မှာ လူငယ် ၆ ဦးကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချ

0 1
0 1

ပဲခူး၊ မေ ၂၅၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်ထောင်တွင်းတရားရုံးကနေ လူငယ် ၂ ဦးကို ထောင်ဒဏ်နှစ် ၅၀ စီနဲ့ ၄ ဦးကိုတော့ ၁၀ နှစ်စီ အမိန့်ချခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

မနေ့က မေလ ၂၄ ရက်နေ့မှာပဲ ပေါင်းတည်မြို့က ကိုဇင်မြင့်ထွန်း(ပိတ်ကြီး)ကို အကြမ်းဖက်ပုဒ်မ ၅၀(စျ)၊ ပုဒ်မ ၅၄ နဲ့ ထောင်ဒဏ်နှစ် ၅၀ ၊ ဇီးကုန်းမြို့က ကိုဗညားမျိုးသန့်ကို ပုဒ်မ ၅၀(က)၊ ၅၀(စျ)၊ ပုဒ်မ ၅၄ နှစ်မှု စုစုပေါင်း ၄ မှုနဲ့ ထောင်ဒဏ်နှစ် ၅၀ အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကိုဟန်လင်းဦးနဲ့ ကိုသော်ဇင်ထက်တို့ကို ပုဒ်မ ၅၀(ဈ)၊ ၅၂၊ ကိုရဲနိုင်ကို ပုဒ်မ ၅၀(ဈ)၊ ၅၂(က)၊ ကိုဟိန်းသန့်ဇင်ကို ပုဒ်မ ၅၀(ဈ)တို့နဲ့ ထောင် ၁၀ နှစ်စီအသီးသီးအမိန့်ချခဲ့တယ်လို့ သိရပါတယ်။

“မနေ့က ပေါင်းတည်ထောင်တွင်းတရားရုံးကနေ အမိန့်ချတာပါ။ နှစ် ၅၀ စီချခံရတဲ့ ကိုဇင်မြင့်ထွန်းနဲ့ ကိုဗညားမျိုးသန့်ကိုတော့ ပြည်ထောင်ကိုပို့ပါတယ်။ ကျန်တဲ့ ၄ ဦးကပေါင်းတည်ထောင်မှာပဲ ထားပါတယ်။ အမိန့်ချခံရတဲ့အားလုံးက အသက် ၂၅ အရွယ်ဝန်းကျင်တွေပါ” လို့ မြို့ခံတဦးက ပြောပါတယ်။

ကိုဇင်မြင့်ထွန်းကို ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၄ ရက် နေ့လယ်ကအုတ်ဖိုတာဆုံမှာ စစ်ကောင်စီကဖမ်းဆီးပြီး ဇူလိုင် ၁၇ ရက်မှာ ကိုဗညားမျိုးသန့်ကို ပဲခူးမှာဖမ်းမိခဲ့ကာ သြဂုတ်လ ၁၃ ရက်မှာ ကိုရဲနိုင်နဲ့ သြဂုတ်လ ၁၄ ရက်မှာ ကိုသော်ဇင်ထက်တို့ကို ဇီးကုန်းမြို့မှာ ဖမ်းဆီးမိခဲ့တာဖြစ်ပြီး ကိုဟန်လင်းဦးနဲ့ ကိုဟိန်းသန့်ဇင် တို့ကိုတော့ သြဂုတ်လ ၁၆ ရက်ဝန်းကျင်မှာပဲ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

လက်ရှိမှာ ပေါင်းတည်အကျဥ်းထောင်အတွင်း နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး အမျိုးသမီး/အမျိုးသား တရာကျော် ချုပ်နှောင်ထားတယ်လို့ သူကဆက် ပြောပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးချိန်ကနေ အခုနှစ်မေလ ၂၂ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၂၆၂၄ ဦးရှိပြီး အဲဒီအထဲက ၁၈၃၀၈ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၆၀၂၄ ဦးက ထောင်ချခံထားရသူတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စာတည်း – 007

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။