11 July 2026 1:08 PM

မိုခါမုန်တိုင်းကြောင့် အညာဒေသမှာ ပဲတီစိမ်းစိုက်ခင်းတွေ အများဆုံးပျက်စီး

0 1
0 1

စစ်ကိုင်း၊ မေ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပဲတီစိမ်းစိုက်တောင်သူတွေ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စိုက်ခင်းရေဝင်ကာ အသီးပျက်စီးတာတွေ ကြုံနေရပြီး ဆုံးရှုံးမှုကြီးမားတယ်လို့ ဒေသခံတောင်သူတွေက တဆင့် သိရပါတယ်။

မကွေးနဲ့ စစ်ကိုင်းနယ်စပ်က ရေလည်ကျွန်းဒေသတွေဖြစ်တဲ့ ရေစကြိုနဲ့ မြောင်မြို့နယ်တဝိုက်က ကျေးရွာ ၈၀ ဝန်းကျင်မှာလည်း ပဲတီစိမ်းဧက ၇၀၀၀ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“အသီးမှည့်နေတာတွေက ရေနစ်ကုန်တော့ အညှောင့်ထွက်ပြီး နာကုန်တာပေါ့၊ တချို့ကလည်း ရိတ်ထားပြီးသားကို လှမ်းထားရင်း မိုးမိကုန်တယ်။ အညှောင့်ထွက်ကုန်ရင် ရောင်းဖို့က မလွယ်တော့ဘူး၊ တချို့တောင်သူတွေဆို မိုးရွာနေတဲ့ကြားထဲကနေ အခင်းတွေပျက်မှာစိုးလို့ ရေသွားထုတ်ကြတယ်” လို့ ရေစကြိုဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် ‌ဒီပဲယင်းမြို့နယ်မှာလည်း ပဲတီစိမ်း ဧက ၁၀၀၀ ကျော် ပျက်စီးခဲ့ပြီး ပဲဆွတ်ကာနီး တပတ်လောက်အလိုမှာ မုန်တိုင်းဝင်လာတာဖြစ်တဲ့အတွက် ဆွတ်ခူးချိန်မရလိုက်ဘဲ ပျက်စီးသွားကြတာဖြစ်တယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

“ပဲတွေက ၃ သီးကောက်ရမှာကို ခုက တသီးမှ မကောက်လိုက်ရဘူး၊ အပင်ကလည်း ရေတရပ်ဝင်ရင် အမြစ်ပုတ်ပြီး သေပြီလေ၊ ဒီနေ့မှ ရေမကျဘူး‌ဆိုရင် သွားပြီ ဘာမှသုံးစားမရတော့ဘူး၊ အရင်းပြုတ်တာ ထပ်ပိုဆိုးတာပေါ့၊ တချို့က သီးနှံပေါ်မှ ပေးမယ်‌ဆိုပြီး ငွေတိုးတွေချေးပြီး စိုက်ထားရတာ” လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပြည်သူတဦးက ပြောပါတယ်။

ပဲစိုက်ပျိုးချိန် တဧကကို ၅ သိန်းလောက်ကုန်ကျပြီး တဧကအထွက်နှုန်းမှာ တင်း ၂၀ လောက်ထွက်ကာ တတင်းကို ကျပ် ၇၇,၀၀၀ ပေါက်ဈေးရှိနေတဲ့အတွက် တောင်သူတွေ အမြတ်ကျန်မယ့် သီးနှံဖြစ်ကြောင်း၊ အသီးမသီးရင်တောင် အပင်ကို နွားစာအဖြစ် ရောင်းချလို့ရတဲ့အတွက် အရင်းမရှုံးတဲ့ စိုက်ပျိုးမှုဖြစ်ပေမယ့် အခုကတော့ အရင်းပြန်ရဖို့တောင် မသေချာတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ပဲတီစိမ်းနဲ့ CPပြောင်းဖူးဟာ တရုတ်ဈေးကွက်ရှိနေတဲ့အတွက် လက်ရှိကာလမှာ တောင်သူအများစုက အဓိကထားစိုက်ပျိုးနေကြတာဖြစ်ပြီး အခုအခါမှာတော့ မုန်တိုင်းကြောင့် အားလုံးပျက်စီးဆုံးရှုံးသွားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“CPပြောင်းဖူးတွေကို သဲချောင်းထဲလှန်းထားတာ ရေကလာတော့ အကုန်မျောပါကုန်ပြီ၊ တချို့လည်း တဝက်လောက်ပြန်ရတယ်၊ တချို့လည်း အကုန်လုံးဆုံးတယ်၊ ပါသွားတဲ့သူများတယ်၊ တချို့လည်း အဖူးနုသေးတော့ အခင်းထဲတင် ကျိုးကုန်တယ်၊ အခင်းရှင်တွေကတော့ ဆုံးရှုံးမှုနည်းအောင်လို့ ခါးလောက်ရှိတဲ့ ချောင်းရေထဲမှာ ဆယ်လို့ရသလောက် ပြန်ဆယ်နေကြတယ် ”လို့ ပြောင်းဖူးစိုက်တောင်သူတဦးက ပြောပါတယ်။

အညာဒေသတွေမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် ချောင်းရေလျှံတာတွေ၊ ရေကြီးတာတွေကြုံတွေ့နေရပြီး ပဲတီစိမ်း၊ နှမ်း၊ CPပြောင်းဖူးစိုက် တောင်သူတွေကတော့ ပျက်စီးဆုံးရှုံးမှုများလို့ အရှုံးနဲ့ရင်ဆိုင်နေကြရပါတယ်။

စာတည်း-လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။