စခန်းမှာရှိတဲ့ PDFတွေ အားလပ်ချိန်ဗဟုသုတတွေရှာဖွေနိုင်ဖို့ စာကြည့်တိုက်ဖွင့်လှစ်

0 1
0 1

မကွေး၊ မေ ၁၀၊ ၂၀၂၃။

မကွေးတိုင်း ၊ မြိုင်မြို့နယ်အခြေစိုက်တပ်ဖွဲ့တခုဖြစ်တဲ့ Myaing Villages Revolution Front (MVRF) တပ်ဖွဲ့ဟာ စခန်းထဲမှာရှိတဲ့လူငယ် တွေ အားလပ်ချိန် ဗဟုသုတတွေရှာဖွေနိုင်ဖို့ ရည်ရွယ်ပြီး စာကြည့်တိုက်တခု ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

PDF လူငယ်အများစုဟာ ပညာအရည်အချင်းအထက်တန်းအဆင့်တွေဖြစ်ကြပြီး သူတို့ကိုကျောင်းစာတွေ ပြန်လည်သင်ကြားပေးဖို့အစီအစဉ်တွေရှိပေမယ့်လည်း စစ်ရေးအခြေအနေတွေအရ သင်ကြားမှုတွေကို ရပ်နားထားရတာကြောင့် လက်ရှိကာလမှာ ဗဟုသုတတွေရှာဖွေနိုင်ဖို့ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တာဖြစ်တယ်လို့ Myaing Villages Revolution Front တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“အဓိက က တော့ ကျနော်တို့မှာအတတ်ပညာအသိပညာရှာဖွေဖို့ရာလုံလောက်တဲ့ အနေအထားတခုမရှိဘူး။ မခံချင်စိတ်နဲ့ဝင်လာကြတာ ဆိုတော့ လုံလောက်တဲ့ပညာအရည်အချင်းမရှိကြဘူး။ စာကြည့် တိုက်ဖွင့်ဖို့စီစဉ်ထားတာတော့ကြာပြီဗျ ။ ကြားထဲမှာ စစ်ရေးအနေအထားရော ၊ စာအုပ်စုစည်းရာမှာ အခက်အခဲရှိတာကြောင့်မလုပ်ဖြစ်တာပေါ့ ” လို့ ဆိုပါတယ်။

စာကြည့်တိုက်ဖွင့်ချိန်ကို မနက် ၆ နာရီကနေ ည ၉ နာရီအထိဖွင့်လှစ်ထားပေးကာ ပြင်ပကိုငှားရမ်းပေးနိုင်ဖို့လည်းစီစဉ်ထားပေးပြီး သတ်မှတ်ရက်ကျော်လွန်သူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းတယ်လို့ ဆိုပါတယ်။

“စာကြည့်တိုက်ကတော့ စခန်းမှာပဲဖွင့်ထားတာပါ။ စာအုပ်တွေငှားရက်ကို ၅ ရက်သတ်မှတ်ထားပါတယ်။ ၅ ရက်ထက်ကျော်သွားပြီး အကြောင်းမကြားရင်တော့ တရက်ကို ၁၀၀ ကျပ် သတ်မှတ်ထားတာဗျ ။ အဓိကသတ်မှတ်ရတဲ့အကြောင်းအရင်းကလည်း စာအုပ်တွေကို လေးလေးစားစားနဲ့ ကိုင်တွယ်အသုံးပြုစေချင်လို့ပါ ”လို့ သူကဆက်ပြောပါတယ်။

စခန်းအတွင်းစာကြည့်တိုက် ဖွင့်လှစ်နိုင်ဖို့ အချိန် ၃ လ ခန့်ပြင်ဆင်ခဲ့ရပြီး နိုင်ငံရေးစာပေ ၊ သက်မွေးစာအုပ်တွေနဲ့ အခြားရသ၊ သုတ၊ ဝတ္ထု စာအုပ်တွေဖတ်ရှုနိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

စာတည်း − ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။