ကျောက်ကြီးမှာ ဘုန်းကြီးကျောင်းကိုစက်တပ်လေထီးနဲ့ဗုံးကြဲလို့ တရားထိုင်နေတဲ့ သက်ကြီးအမျိုးသမီးသေဆုံးပြီး ဘုန်းကြီးအပါ ၂ ဦးဒဏ်ရာရ

0 13
0 13

ကျောက်ကြီး၊ ဒီဇင်ဘာ ၉၊ ၂၀၂၅။

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ်ကစက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီးအမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဒီဇင်ဘာ ၈ ရက် ယမန်နေ့ မနက် ၁၁ နာရီခန့်မှာ ကျောက်ကြီးမြို့ဘက်ကနေလာတဲ့ စက်တပ်လေထီး(ပါရာမော်တာ) ၁ စီးဟာ ကျေးရွာဘုန်းကြီးကျောင်းအတွင်းကို ဗုံး ၂ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

” ကလေးက ဘုန်းကြီးကျောင်းထဲကစားနေတာ။ သက်ကြီးအမျိုးသမီးကတော့ ဘုန်းကြီးကျောင်းထဲ တရားလာအားထုတ်နေတာ။ ဘုန်းကြီးကလည်း ကျောင်းအတွင်းရှိနေချိန်ထိကြတာ”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးစထိမှန်တာကြောင့်ဘုန်းကြီးကျောင်းအတွင်းတရားထိုင်နေတဲ့ အသက် ၇၆ နှစ် ဒေါ်စိန်မြိုင်မှာ နေရာမှာသေဆုံးခဲ့ပြီး သက်တော် ၅၀ နှစ်ကျော်ရှိ ဦးဇင်း ကျော်ဝင်းနဲ့ အသက် ၁၂ နှစ်အရွယ် မောင်နေဇော်အောင်တို့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းဆောင် ၁ ခုနဲ့ ဘုန်းကြီးကျောင်းအနီးရှိလူနေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က စက်တပ်လေထီးနဲ့ လာရောက်ဗုံးကြဲခဲ့တဲ့ ကျောက်စရစ်ကျေးရွာနဲ့အနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမရှိသလို စစ်ရေးလှုပ်ရှားမှုတွေလည်းမရှိဘဲ ဗုံးလာကြဲသွားတာလို့ သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်က လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကြောင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ဝတ်ပြုဗလီနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေအပါ ဘာသာရေးအဆောက်အအုံ ၂၀၀ ကျော်အထိ ပျက်စီးမှုရှိခဲ့တယ်လို့ မြန်မာပြည်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ IIMM၊ Myanmar Wintess အဖွဲ့တွေရဲ့အချက်အလက်တွေကို ကိုးကားပြီး ဗာတီကန်အခြေစိုက် Fides သတင်းဌာနက ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒီဇင်ဘာ ၃ ရက်ကလည်း ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ စစ်ကော်မရှင်ဘက်က လက်နက်ကြီးနဲ့ပစ်၊ စက်တပ်လေထီးနဲ့ဗုံးကြဲလို့ CDM ဆရာဝန်အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၇ ဦးဒဏ်းရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။