ခင်ဦးနယ်က ရွာ ၂ရွာကို စစ်တပ်ကမီးရှို့၊ ကျေးရွာကာကွယ်ရင်း PDF ၂ ဦးသေဆုံး

0 1
0 1

စစ်ကိုင်း၊ မေ ၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ကဘွက်ကျေးရွာကို မီးရှို့ဖို့ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မေလ ၇ ရက်မနက် ၁၀ ကျော်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး PDF ရဲဘော် ၂ ဦး သေဆုံးသွားတယ်လို့ ခင်ဦး PDFခေါင်းဆောင်တဦးက ပြောပါတယ်။

ကဘွတ်ကျေးရွာကို အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ဝင်လာတာသိလို့ ကျေးရွာသူ၊ ကျေးရွာသားတွေကို ကျေးရွာအတွင်းမှ ကယ်ထုတ်နေစဉ် စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

“စစ်ကြောင်းက ရွာကိုမီးရှို့ဖို့ဝင်လာတဲ့ အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာသူ၊ ရွာသားတွေကို အပြင်ကိုထုတ်နေတာ။ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ်တော့ မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာ စကစဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာမှာ ရဲဘော် ၂ ယောက်ကျသွားတာ။ တယောက်ရဲ့အလောင်းကတော့ ရလို့သင်္ဂြိုဟ်လိုက်ပြီ။ နောက်တလောင်းကတော့ ရှာမတွေ့ သေးဘူး”လို့ ခင်ဦး PDFခေါင်းဆောင်တဦးက ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ကျေးရွာကထွက်ခွာသွားတဲ့နောက်မှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ကဘွက်ကျေးရွာနဲ့ ကုတ်တက်ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လက်ရှိမှာ ကျေးရွာ ၂ ရွာက ဒေသခံ ၃၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့မှတာဝန်ခံက ပြောပါတယ်။

ဒီနေ့ မေလ ၈ ရက် မနက်ပိုင်းအထိ ရုံးပင်ကျေးရွာနဲ့ ကင်းပေါင်းကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေလို့ သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့အမည်ကို စုံစမ်းလို့ မရသေးပါဘူး။

ကျဆုံးရဲဘော်တွေဟာ ကဘွတ်ကျေးရွာနဲ့ ကုတ်တက်ကျေးရွာ ကာကွယ်ရေးအဖွဲ့က ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

အလားတူ မေလ ၈ ရက် ဒီမနက် ၈ နာရီကျော်အချိန်မှာလည်း ခင်ဦးမြို့နယ်အနောက်ခြမ်း၊ ရွာသစ်ကုန်းပျူ နဲ့ ရေဦးဘက်ကတက်လာတဲ့အင်အား ၇၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ မြကန်ကျေးရွာကတဆင့် အောင်သာရွာ၊ ကုန်းသာရွာဘက်တို့ကို လက်နက်ကြီးငယ်ပစ်ခတ်ပြီး ခြေလျင်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါ တယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။