13 July 2026 12:48 AM

ပျူရွာက လက်နက်ကြီးနဲ့ မကြာခဏပစ်လို့ ပခုက္ကူနယ်ရှိ ကင်းရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရ

0 1
0 1

မကွေး၊ မေ ၄၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာက ပျူစောထီးတပ်ဖွဲ့တွေဟာ အနီးနားကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်နေလို့ ကင်းကျေးရွာက ပြည်သူတွေဟာ ၉ လကြာတဲ့အထိ တောထဲမှာ တဲထိုးပြီး နေနေရတယ်လို့ သိရပါတယ်။

အနောက်ဘုန်းကံကျေးရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ကင်းကျေးရွာက ပြည်သူတထောင်နီးပါးဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လကစပြီး တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေရကြရတာပါ။ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေစဉ်မှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့အချိန်မှာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရသေးတယ်လို့ ကင်းရွာဒေသခံတဦးက ပြောပါတယ်။

အနောက်ဘုန်းကံကျေးရွာက ပျူစောထီးတွေဟာ ကင်းကျေးရွာကို စိတ်မထင်ရင်မထင်သလို ပစ်ခတ်နေတာမျိုး ဖြစ်ပြီး ကျေးရွာထဲကို လက်နက်ကြီး ကျည်ဆံကျတာမျိုးရှိသလို ကျေးရွာအနီးပတ်ဝန်းကျင်ကို ကျတာလည်း ရှိတယ်လို့ဆိုပါတယ်။ ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တလုံးနဲ့ ဘုန်းကြီးကျောင်း တကျောင်းထိမှန် ပျက်စီးသွားခဲ့ပါသေးတယ်။

ဒါကြောင့် ကျေးရွာသားတွေဟာ ရွာထဲမှာ တယောက်မှမနေရဲဘဲ ရေခပ်ချိန်၊ ကျွဲ၊ နွား၊ ဆိတ် သိမ်းချိန်လောက်သာ ကျေးရွာထဲ ပြန်ကြပြီး ကျန်တဲ့အချိန်တွေမှာ တောထဲကတဲတွေဆီမှာသာ နေကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ရွာသားတွေက တောထဲမှာပဲ ထန်းလက်တွေနဲ့ တဲထိုးပြီးနေကြတယ်။ ထန်းပင်တွေမှာ ထန်းလက်တွေချိုးစရာ မရှိလောက်အောင်ပါပဲ။ မိုးရွာတဲ့နေ့တွေဆိုရင် ပိုဆိုးတယ်။ စစ်ကြောင်းတွေထိုးလာရင်လည်း ထပ်ပြီးထွက်ပြေးရသေးတယ်” လို့ အမည်မဖော်လိုတဲ့ ကင်းကျေးရွာက ဒေသခံတဦးက ဆိုပါတယ်။

၉ လကြာတဲ့အထိ တောထဲမှာထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးတွေကျပ်တည်းလာပြီး မိမိတို့ ပိုင်ဆိုင်တဲ့လယ်ယာတွေကို ပေါင်နှံကာ စားဝတ်နေရေးအတွက် ဖြေရှင်းနေရတယ်လို့ ကင်းကျေးရွာက ဒေသခံတွေက ဆက်ပြောပါတယ်။

“စားဖို့ကတော့ ရွာကပိုက်ဆံရှိတဲ့သူဆီကနေ လယ်ယာပေါင်လိုက်၊ ရွေးလိုက် တောင်သူလုပ်လိုက် လည်ပတ်ရင်း ဖြေရှင်းနေရတယ် ”လို့ ရွာခံတဦးက ဆိုပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။