26 July 2026 6:07 PM

သာယာဝတီထောင်မှ ၅၀၅-က နဲ့ နိုင်ကျဉ်း ၂၀၀ ကျော်လွတ်ပြီး CDM တချို့ကျန်နေသေး

0 2
0 2

သာယာဝတီ၊ မေ ၃၊ ၂၀၂၃။

ယနေ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၅၀၅-က နဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေကို လွတ်ငြိမ်းနဲ့ ပြန်လွတ်ပေးနေတာမှာ ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီအကျဉ်းထောင်ကနေ နိုင်ကျဉ်း ၂၀၀ ကျော် လွတ်မြောက်ခဲ့ပေမယ့် CDM တချို့လည်း ကျန်နေသေးတယ်လို့ သိရပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ ၅၀၅-က နိုင်ငံရေးအကျဉ်းသား ကျား ၁၃၀ ဦး၊ မ ၇၆ ဦးလွတ်မြောက်လာပြီး CDM အကျဉ်းထောင်ဆရာဝန်၊ CDM ကျောင်းဆရာ/ဆရာမ ၇ ဦးတို့ ပါဝင်ပြီး ၂ ဦး ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေးအသိုင်းအဝန်းက သိရပါတယ်။

“သာယာဝတီနယ်ကအတော်များများ လွတ်တယ်။ အဲ့ဒီအထဲမှာ ၅၀၅.က နဲ့အဖမ်းခံထားရတဲ့ ဆရာဆရာမ ၇ ဦး ပါတယ်။ ၂ ဦးက လွတ်တဲ့အထဲမပါဘဲ ကျန်နေသေးတယ်” လို့ နိုင်ငံရေးလှုပ်ရှားနေသူတဦးက ပြောပါတယ်။

အဲ့ဒီပညာရေးဝန်ထမ်းတွေကို ၂၀၂၁ ခု၊ ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ မူလတန်းကျောင်းအုပ် ၂ ဦး၊ အလယ်တန်းပြ ၃ ဦး၊ မူလတန်းပြ ၁ ဦးနဲ့ အထွေထွေလုပ်သား ၁ ဦးတို့ ဖြစ်ပါတယ်။

“ကိုယ့်မြို့နယ်က CDM သူရဲကောင်းတွေ လွတ်လာတော့ဝမ်းသာမိပါတယ်။ ထောင်ထဲမှာရှိမနေသင့်တဲ့သူတွေ ဖြစ်တယ်။ သူတို့ယုံကြည်ချက်နဲ့ CDM လုပ်တာ လုပ်ပိုင့်ခွင့်ရှိရမယ်။ ဒါကို စစ်ကောင်စီက နိုင်ထက်စီးနင်းနဲ့ ဖမ်းဆီးခဲ့တာပါ” လို့ သာယာဝတီဒေသခံတဦးက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ မူလတန်းပြ ဆရာမကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀(ည)၊ အထွေထွေလုပ်သားကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၂(ခ) တို့နဲ့ ဆက်လက်ဖမ်းဆီးထောင်ချထားတယ်လို့ ဆိုပါတယ်။

အလားတူ ပြည်အကျဉ်းထောင်မှ ၅၃ ဦး၊ ပေါင်းတည်အကျဉ်းထောင်က ၃ ဦးတို့ကိုလည်း ယနေ့လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ယနေ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်ဟုဆိုကာ စစ်ကောင်စီက အကျဉ်းထောင်/အချုပ်နဲ့ စခန်းတွေမှာရှိတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ထောင်ချခံထားရတဲ့ အကျဉ်း သား/သူ ၂၁၅၃ ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံရန်ကျန်သော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပြုတာလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။


စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။