နေအိမ် ၃၀၀ ကျော်မီးရှို့ခံထားရတဲ့ အလယ်လျှိုရွာကို စစ်တပ်က ဒုတိယအကြိမ် မီးထပ်ရှို့

0 2
0 2

ခင်ဦး၊ ဧပြီ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ နေအိမ် ၃၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတဲ့ အလယ်လျှိုကျေးရွာကို ဧပြီလ ၃၀ ရက် ဒီမနက် ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က ဒုတိယအကြိမ် ဝင်ရောက် မီးရှို့နေတယ်လို့ သိရပါတယ်။

ကန့်ဘလူနယ်ကနေ အင်အား ၁၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းတခုဟာ ခင်ဦးနယ်ကိုရောက်လာပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိတဲ့ အလယ်လျှိုကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဝင်ရောက်မီးရှို့နေတာလို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

“ဒီစစ်ကြောင်းက ကန့်ဘလူနယ်က ရွာတော်တော်များများကို မီးရှို့လာတဲ့စစ်ကြောင်းပါ။ တပ်နာမည်တော့ မသိရဘူး။ ဒီတကြိမ်ရှို့နေတာကတော့ ရွာလုံးကျွတ်ကို ရှို့နေတဲ့သဘော။ မီးက အခုအချိန်ထိရှို့နေတယ်။ စစ်ကြောင်းကလည်း မထွက်သေးတော့ အပျက်စီးစာရင်း မသိရသေးဘူး။ အနီးဝန်းကျင်ရွာ ၃ ရွာလောက်ကလည်း ထွက်ပြေးနေကြရတယ်” လို့ ဆိုပါတယ်။

အလယ်ရှိုကျေးရွာဟာ ခင်ဦးမြို့အရှေ့မြောက်ဘက် ၁၄ မိုင်အကွာမှာ တည်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာလည်း အင်အား ၇၀ ကျော်ပါတဲ့ တမခ ၃၃ လက်အောက်ခံ ရွှေဘိုလေ့ကျင့်ရေးတပ်ရင်း – ၈ က စစ်ကြောင်းဟာ အလယ်လျှိုကျေးရွာက နေအိမ် ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး ရွာခံ၂၀ ကျော်ကို ဖမ်းဆီးကာ အမျိုးသမီး ၂ ဦးနဲ့ အဘိုးအိုတဦးအပါအဝင် ၉ ဦးကို သတ်ဖြတ်ခဲ့ပါသေးတယ်။

“ဒီဇင်ဘာလတုန်းကလည်း ရွာခံပျူတွေနဲ့ စကစတွေ ပေါင်းပြီးတော့ အိမ်တွေကိုမီးရှို့တယ်။ ပြီးတော့ ရွာမှာတပ်စွဲဖို့ လုပ်ခဲ့တာ။ အဲ့တာကို PDF တွေက တိုက်ထုတ်လိုက်လို့ ပြန်ဆုတ်ခွာခဲ့ရတယ်။ အခုလည်း ရွာမှာတပ်စွဲအထိုင်ချဖို့ လာတာလား၊ ဘာလားတော့ မသိဘူး” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်မှာ တပင်ကောင်း(တောင်)က နေအိမ် ၂၅ လုံး၊ ကံကြီးရွာက ၁ လုံး၊ ၂၆ ရက်နဲ့ ၂၇ ရက်မှာ မြို့သစ်ရွာက နေအိမ်အလုံး ၄၀၀ ကျော်တို့ကို အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတခုက မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

ခင်ဦးမြို့နယ်ထဲမှာ အာဏာသိမ်းပြီးချိန်ကစလို့ အခုနှစ် ဧပြီလ ၂၇ ရက်အထိ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၇၀ မှ လူနေအိမ်ပေါင်း ၅၀၀၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ်သတင်းပြန်ပြန်ကြားရေးအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

စာတည်း – လင်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။