မြိုင်၊ နိုဝင်ဘာ ၁၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာထဲကနေ နွားစာရိတ်ရန်ထွက်လာတဲ့ ပျူစောထီး ၁ ဦး စောင့်ကြိုပစ်ခတ်ခဲ့ရာ သေဆုံးမှုရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC ဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက် ဒီနေ့ မနက် ၈ နာရီ ၂၄ မိနစ်မှာ သရက်ကန်ရွာထဲကနေ နွားစာရိတ်ရန်ထွက်လာတဲ့ ပျူစောထီး ၁ ဦးကို မီတာ ၈၀ အကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ခံရသူဟာ ကိုသိန်းတန်ဆိုသူဖြစ်ပြီး ၎င်းဟာ ရွာအပြင်က မြေပဲခင်းထဲကို နွားစာရိတ်ဖို့ လာတဲ့အချိန်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“ဒီနေ့မှ မြေပဲခင်းကို နွားစာရိတ်ဖို့ထွက်လာတာကို ကျတော်တို့က စောင့်ပြီးပစ်တာ။ နွားစာရိတ်ဖို့ လာတဲ့အချိန် ပစ်ခတ်ခဲ့တာ။ သူရောက်နေတဲ့နေရာနဲ့ ကျတော်တို့က မီတာ ၈၀ လောက်ဝေးတယ်။ ရွာနဲ့ဆိုရင်တော့ မီတာ ၂၀၀ လောက်ဝေးတယ်။ သူလဲကျသေသွားတော့ နောက်ထပ်ရွာထဲက ထွက်လာကြသေးတယ်” ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC တာဝန်ခံ ကိုမိုးက ပြောပါတယ်။
ရွာထဲက ထွက်လာတဲ့ ပျူစောထီး တွေနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစုတွေ အပြန်အလှန်ပစ်ခတ်မှုတချို့ ရှိခဲ့ပေမယ့် တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိပြန်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
မြိုင်မြို့နယ်မှာ သရက်ကန်ရွာကို ပျူစောထီးရွာလို့ တော်လှန်ရေးတပ်တွေက သတ်မှတ်ထားပြီး ကျေးရွာအတွင်းမှာ လက်နက်ကိုင်ပျူ စောထီး ၆၀ နဲ့ စစ်ကောင်စီတပ်က ၁၀ ဦး နေထိုင်တယ်လို့ သိရပါတယ်။
ကျေးရွာအတွင်းမှာနောက်ထပ်ပြည်သူတချို့ နေထိုင်ပြီး ၎င်းတို့ဟာလည်း ပျူစောထီးမိသားစုဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC၊ မြိုင် ပ.က.ဖ တပ်ရင်း -၁ တပ်ခွဲ -၁၊ တပ်ခွဲ -၄ (စက်ြာ)၊ ဒေါင်းမာန်တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့ နှင့် TYK ပြောက်ကျားတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း မြိုင်မြို့နယ် သရက်ကန်ရွာကို ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု – PLC က သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးနဲ့ ပျူစောထီး ၃ ဦး သေဆုံးခဲ့ပါသေးတယ်။
စာတည်း – မြတ်