ချောင်းဦးနယ်က မီးရှို့ခံရတဲ့ရွာနှစ်ရွာကို NUG က ငွေကြေးထောက်ပံ့

0 1
0 1

ချောင်းဦး၊ ဧပြီ ၂၄၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က မီးရှို့ခံရတဲ့ ကျေးရွာ၂ ရွာက ဒေသခံတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ – NUGရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ယာကြီးတောကျေးရွာကို သိန်း ၂၀ ကျပ်၊ ဝယာကျေးရွာကို ၁၀ သိန်းကျပ် ထောက်ပံ့ပေးခဲ့တာကို ဧပြီလ ၂၃ ရက်မနေ့က မနက်ပိုင်းမှာ မုံရွာ-အမြင့်လမ်းဦးဆောင်ကော်မတီအဖွဲ့က တဆင့်ခံ သွားရောက်ပေးအပ်ခဲ့တာလို့ ကော်မတီအဖွဲ့ဝင် ကိုအော်စကာက ပြောပါတယ်။

“မီးရှို့ခံရတာက ၃ လကျော်ပြီ။ ကျနော်တို့အဖွဲ့ကို ရွာခံဦးဆောင်သူတွေက အကူအညီတောင်းလို့ NUG ကိုတင်ပြပေးခဲ့တာပါ။ သူတို့ဆီသွားဖို့ မလွယ်လို့ လုံခြုံတဲ့နေရာမှာ တွေ့ ဆုံပြီးတော့ ထောက်ပံ့ငွေကို တဆင့်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

ဒေသခံတွေအနေနဲ့ လက်ရှိမှာ ကျေးရွာအတွင်း ဝင်ရောက်နေထိုင်တာတွေ မရှိတော့ဘဲ နီးစပ်ရာ တောတိုက်တွေနဲ့ ဘေးလွတ်နိုင်မယ့်ထင်တဲ့ ဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ကျေးရွာဦးဆောင်သူတွေကိုပဲ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ကိုအော်စကာက ဆက်ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလအတွင်း ချောင်းဦးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမီးရှို့ရာ ယာကြီးတောရွာက နေအိမ် ၂၀၀ ကျော်နဲ့ ဝယာရွာက အိမ်ခြေ ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။