11 July 2026 12:51 PM

မင်းကင်းနယ်ထဲက စစ်ကောင်စီတပ် အရေးပေါ်ရဟတ်ယာဉ်ဆင်းကွင်း ၂ ခုကို ဖျက်ဆီးနိုင်ခဲ့

0 2
0 2

မင်းကင်း၊ ဧပြီ ၂၂၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့အရေးပေါ် ရဟတ်ယာဉ်ဆင်းကွင်း ၂ ခုကို ဧပြီလ ၂၀ ရက်နေ့မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ MK PDF-2 အဖွဲ့က ဒီကနေ့မှာထုတ်ပြန်ပါတယ်။

တောင်တွင်းဒေသ လမ်းမကြီးတလျှောက်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရဟတ်ယာဉ်တွေ အရေးပေါ်ဆင်းဖို့ပြင်ဆင်ထားတဲ့ မြေသားကွင်း ၁ ကွင်းနဲ့ကွန်ကရစ်ကွင်း ၁ ကွင်းကို လက်လုပ်မိုင်း ၄ လုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ MinKin People’s Defence Force (MKPDF – 2) တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“မြေသားလမ်းပေါ့နော် ဘောလုံးကွင်းလုံးလုပ်ထားတဲ့နေရာမှာတော့ မီးရှို့ပြီး ဖျက်ဆီးခဲ့တယ်။ ကားလမ်းမကြီးတကြောမှာရှိတဲ့ ရဟတ်ယာဉ်ဆင်းကွင်းတခုကတော့ ကွန်ကရစ်နဲ့အခိုင်အမာပြုလုပ်ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ မိုင်းနဲ့ခွဲပြီး ဖျက်ဆီးခဲ့တယ်။ လောလောဆယ်ထိတော့ အဲ့ဒီနေရာတွေကို ကျနော်တို့ စိုးမိုးထားနိုင်တုန်း” လို့ ပြောပါတယ်။

ဧပြီလ ၁၀ ရက်နေ့က ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်းနဲ့ မင်းကင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး တောင်တွင်းဒေသ မအူ(ပျူစောထီးရွာ)စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် ရှေ့တန်းစခန်း၊ ကတုတ်ကျင်းနဲ့ ဘန်ကာတွေကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်ရှိအထိ အဲ့ဒီတောင်တွင်းဒေသကို PDF တပ်ရင်းတွေက ဆက်လက်စိုးမိုးထားနိုင်ကာ ရဟတ်ယာဉ်ကွင်းတွေကိုပါ ဖျက်ဆီးနိုင်တာလို့ ဆိုပါတယ်။

ဧပြီလ ၁၀ ရက် မအူရွာစခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်ကောင်စီစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂ ရက်နေ့ကလည်း မအူရွာ (ပျူရွာ)မှာတပ်စွဲထားတဲ့ ပျူစခန်းကို Mkpdf-2 ပူးပေါင်းတပ်ဖွဲ့က ၆၀ မမ (၇)လုံး၊ ၄၀ မမ (၃) လုံး၊ လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး PDF တွေဘက်က စနိုက်ဘာကျည်နဲ့ ပစ်ခတ်လိုက်လို့ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။