⁨အသေမခံဘဲ ပြန်အဖမ်းခံခဲ့တဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူးကို စစ်ကောင်စီတပ်က ဖိအားပေးတာဝန်ပြန်ထမ်းခိုင်း (ရုပ်/သံ)

0 8
0 8

မြေလတ်အသံ၊ မတ် ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်မှာ စစ်ဆင်ရေးအမိန့်မနာခံမှုနဲ့ဖမ်းဆီးခံထားရတဲ့ တပ်မ ၈၈ က ဒုတပ်ရင်းမှူး ၁ ဦးကို စစ်ကောင်စီတပ်က မူလရာထူးအတိုင်း ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ပဒါန်းတပ်နယ်နဲ့နီးစပ်သူတဦးဆီက သိရပါတယ်။

ဖမ်းဆီးခံထားရသူမှာ တပ်မ ၈၈ လက်အောက် ခမရ ၃၁၇ ရဲ့ ဒုတပ်ရင်းမှူးဖြစ်ပြီး မကွေးနဲ့ရခိုင်အစပ် ရိုးမပေါ်မှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ အမိန့်မနာခံမှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ကာ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးခံနေရတာပါ။

အဆိုပါ ဒုတပ်ရင်းမှူးဟာ တိုက်ပွဲအတွင်း အာရက္ခတပ်တော် AA ဘက်က အင်အားများနေချိန် ရှေ့ဆက်တိုးခိုင်းတာကြောင့် သူနဲ့အတူ သူ့ရဲ့စစ်ကြောင်းကိုပါ အသေမခံတော့ဘဲ နောက်ပြန်လှည့်လာပါတယ်။ စစ်ကောင်စီတပ်က ဒုရင်းမှူးဖြစ်သူ သူ့ကို အမိန့်မနာခံမှုနဲ့ဖမ်းဆီးခဲ့ပြီး တပ်နယ်ထဲမှာ စုံစမ်းစစ်ရေးခုံရုံးဖွဲ့ စစ်ဆေးနေတာဖြစ်တယ်လို့ ပဒါန်းတပ်နယ်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ဒုတပ်ရင်းမှူးမှာ DSA အပတ်စဉ် ၄၈ ဆင်း ဗိုလ်မှူး သန့်ဇင်အောင် ဖြစ်ပြီး စစ်ဆင်ရေးကာလအတွင်း အမိန့်မနာခံဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ပေမယ့် မူလရာထူးအတိုင်း တာဝန်ပြန်ထမ်းဆောင်ဖို့ ပဒါန်းတပ်နယ်စစ်ကောင်စီတပ် ထိပ်ပိုင်းအရာရှိတွေက ဖိအားပေးနေတာလို့ ဆိုပါတယ်။

တာဝန်ပြန်လည်ထမ်းဆောင်ခြင်းမလုပ်ပါက အပြစ်ကြီးမယ်လို့ ဖိအားပေးပေမယ့် ဗိုလ်မှူးသန့်ဇင်အောင်ဟာ စိတ်နာသွားပုံရပြီး တာဝန်ကိုပြန်လည်ထမ်းဆောင်မှာမဟုတ်ဘဲ သတ်လိုက သတ်နိုင်ကြောင်း အပြတ်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ အမ်းနပခနဲ့ အမ်း-ပဒါန်းနယ်စပ်တိုက်ပွဲတွေကို တပ်မ ၈၈ နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၄၁၅၊ ၄၁၆၊ ၃၁၇ ၊ ၃၀၁ ၊ ခလရ ၈၃ တပ်ရင်းတွေက အမ်း-ပဒါန်းလမ်းပိုင်းကနေတဆင့် အမ်းမြို့ကို စစ်ကူသွားရောက်ချိန် ရခိုင်ရိုးမပေါ်မှာ အာရက္ခတပ်တော်-AA တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရတာပါ။

အမ်းမြို့ကို စစ်ကူလာတဲ့ တပ်မ ၈၈ လက်အောက် နည်းဗျူဟာစစ်ကြောင်း ၁ ခုကို အမ်းမြို့မြောက်ဘက် ရိုးတောင်လမ်းမတနေရာမှာ ၃ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်း ၁၀၀ ကျော်ရရှိကာ စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။