13 July 2026 12:39 AM

ခင်ဦးမြို့နယ်အတွင်း စကစတပ် စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

0 2
0 2

ခင်ဦး၊ ဧပြီ ၁၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို စစ်ကောင်စီတပ်က ၂ရက်ဆက်တိုက် စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်နေတာကြောင့် ဒေသခံ ၅၀၀၀ ခန့်ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဧပြီလ ၁၈ ရက်မှာ တကြိမ်၊ ၁၉ ရက် ဒီမနက်မှာ တကြိမ် မြကန်ရွာ၊ အင်းပတ်ကွေ့ရွာ၊ မြင်းဒေါင်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင် ရောက်ကာ အနီးပတ်ဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အခုလို ထွက်ပြေးနေကြရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ပြောပါတယ်။

မနေ့က စစ်ကောင်စီတပ်တွေက ရွာတွေထဲပစ်ခတ်မှုတွေလုပ်တာကြောင့် ထွက်ပြေးသွားရတဲ့ဒေသခံတွေ ကိုယ့်အိမ်ကိုယ် မပြန်ရသေးခင်မှာ နောက်ထပ်ကျေးရွာတွေက ဒေသခံတွေကပါ ထပ်မံထွက်ပြေးနေရတာ ဖြစ်ပါတယ်။

“အခုက စစ်ကြောင်းက မြကန်၊ မြင်းဒေါင်းရွာဘက်ကို ရောက်နေပြီ။ လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ပြေးနေရသူတွေကို ထမင်းထုပ်ဝေငှဖို့ရာ အခက်အခဲဖြစ်နေတယ်။ နေဖို့နေရာရယ်ပေါ့” လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံက ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ ၅၀၀၀ ခန့်ဟာ မြကန်၊ အင်းပတ်ကျေးရွာ၊ အင်တိုင်လေး (တောင်/မြောက်)ရွာ၊ သရက်ပင်စု၊ မြင်းဒေါင်း၊ မကျီးအုပ်ကျေးရွာတွေကဖြစ်ပြီး ဒီကျေးရွာတွေဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်တာတွေကို မကြာခဏ ခံနေရတဲ့ ကျေးရွာတွေဖြစ်တယ်လို၌ ဒေသခံတွေဆီက သိရပါတယ်။

“အခုကျနော်တို့ရွာဘက်တွေမှာလည်း လက်နက်ကြီးတွေလာကျလို့ ထွက်ပြေးနေရတာ။ ရွာ ၅ ရွာကျော်ရှိမယ်၊ ပြေးနေရတာ။ မနက်စာတွေလည်း မစားကြရသေးဘူး။ တိုက်ပွဲဖြစ်နေလား၊ ဘာကြောင့်လည်းတော့ မသိဘူး” လို့ လက်ရှိ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ သရက်ပင်စုကျေးရွာသားတဦးက ပြောပါတယ်။

ထွက်ပြေးနေကြရတဲ့ ဒေသခံ ၅၀၀၀ ခန့်မှာ အဝတ်အထည်၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်လျှက်ရှိနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို လက်ရှိစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရေဦးမြို့နယ်၊ တိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်းဇေ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။