စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်လို့ ထိခိုက်သေဆုံးရှိနိုင်၊ လက်နက်ကြီး မတော်တဆဖြစ်လို့ ရဲဘော် ၁ ဦးဒဏ်ရာရ

0 1
0 1

မုံရွာ၊ ဧပြီ ၁၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ဇေယျရပ်ကွက် တောင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးရှိနိုင်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၈ ရက် ဒီကနေ့မနက်အစော ၃ နာရီလောက်မှာ အင်အား ၅၀ လောက်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ အလုံးရေ ၃၀ ကျော်နဲ့ အချိန်နာရီဝက် အကြာသွားရောက်တိုက်ခိုက်ခဲ့တာလို့ Salingyi Border Task Force တာဝန်ရှိသူက ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ တော်တော်လေးပစ်ပြီးချိန်မှ သူတို့(စစ်ကောင်စီ)ဘက်က ပြန်ပစ်သလို၊ တောင်အောက်မှာရှိနေတဲ့ စကစနောက်တစ်ဖွဲ့က ရှေ့ဆက်တိုးလာတော့ ကျနော်တို့ဘက်မှာ သေနတ် အစစ်က ၂ လက်ပဲရှိလို့ ယှဥ်မပစ်နိုင်လို့ ပြန်ဆုတ်လာရတယ်” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အခြေအနေအသေးစိတ်သိရဖို့ စုံစမ်းနေဆဲဖြစ်ပြီး ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်က လက်နက်ကြီးပစ်ခတ်ချိန် မတော်တဆမှုဖြစ်လို့ ရဲဘော် ၁ ဦး မျက်လုံးမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ဗုံးသီးကို လက်နက်ကြီးပြောင်းထဲထည့်ချိန် အဆုံးထိမရောက်ဘဲ တဝက်ကနေ ဗုံးသီးပြန်ထွက်လာတော့ ဗုံးထည့်တဲ့ရဲဘော်က ရှောင်ချိန်မရလိုက်ဘဲ ဗုံးသီးနဲ့ပွတ်မိတာ” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စွဲထားတဲ့နေရာဟာ ချင်းတွင်းတံတားအနောက်ဘက် စစ်မှုထမ်းဟောင်းတွေအတွက် ရပ်ကွက်အသစ် လုပ်ပေးထားတဲ့နေရာဖြစ်ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာနဲ့ စစ်ကောင်စီတပ်တွေက အနီးအနားကျေးရွာတွေကို စစ်ကြောင်းထိုးချိန် လက်နက်ကြီးတွေနဲ့ ထောက်ထားပေးတဲ့နေရာဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့နေရာတစ်ခုဖြစ်လို့ သွားရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Salingyi Border Task Force – SBTF (ပကဖ)၊ Eagle Defense Force-EDF ၊ ယက္ခညီနောင် /GTF တပ်ခွဲ (၂)၊ မဲမှောင်ပြောက်ကျားတပ်ဖွဲ့၊ အာဠာဝက အပါအဝင် မဟာမိတ်ပူးပေါင်းတပ်တွေက စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ရင်ငြိမ်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။