11 July 2026 2:12 AM

သေဆုံးစစ်သားတွေကိုပေးတဲ့ မြေကွက်တွေကို တပ်ရင်းမှူးမိန်းမက ဈေးနှိမ်ဝယ်နေလို့ မကျေမနပ်ဖြစ်နေ ဟုဆို

0 1
0 1

ပဲခူး၊ ဧပြီ ၁၆၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာအခြေစိုက် အမှတ် ၁ ခြေလျင်တပ်ရင်း (ခလရ ၁) တပ်ရင်းမှူးရဲ့ဇနီးဖြစ်သူက တိုက်ပွဲတွင်းသေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် မိသားစုတွေရရှိတဲ့ မြေကွက်တွေကို ကြားဖြတ်ကာ ဈေးနှိမ်ဝယ်ယူနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွင်း သေဆုံးသူတွေ၊ သက်ပြည့်ပင်စင်နဲ့ထွက်မယ့် စစ်ကောင်စီတပ်သားတွေကို စစ်ခေါင်းဆောင်တွေက မင်းလှမြို့၊ သီဟိုမြိုင်ရပ်ကွက်မှာ မြေကွက်တွေချပေးနေတာဖြစ်ပြီး တပ် ရင်းမှူးရဲ့ဇနီး ဒေါ်ဝင့်နှင်းဖြူက အဲ့ဒီမြေကွက်ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းမပေးဘဲ လက်ရှိပေါက်ဈေးအောက်ကို ဈေးနှိမ်ကာ အဓမ္မဝယ်ယူနေတာလို့ ခလရ ၁ နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကိုပြောပါတယ်။

“တိုက်ပွဲကျသွားတဲ့သူတွေရဲ့ မိသားစုတွေကို ပေ ၄၀၊၆၀ မြေကွက်တွေ သီဟိုမြိုင်ဘက်မှာ အကွက်ရိုက်ပြီးပေးတာကို တပ်ရင်းမှူးမိန်းမက ငါပြန်ဝယ်မယ်ဆိုပြီး သိန်း ၄၀၊၅၀ လောက်တန်တဲ့မြေ ကွက်ကို အဆမတန်ဈေးဖြတ်ပြီး ၁၄၊၅ သိန်းလောက်ဘဲပိုက်ဆံပေးတာ” လို့ ပြောပါတယ်။

မြေကွက်လွှဲပြောင်းပိုင်ဆိုင်မှု စာရွက်၊စာတမ်းတွေကို ကျန်ရစ်ခဲ့တဲ့မိသားစုဝင်တွေက လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပေးရပေမယ့် မြေကွက်မရရှိဘဲ ငွေကြေးအနည်းငယ်သာရရှိလို့ တပ်မိသားစုဝင်တွေအကြား ကျေနပ်မှုမရှိဘူးလို့လည်း ဆိုပါတယ်။

“မြေကွက်တွေကတော့ အာဏာမသိမ်းခင် အရင်ခေတ်ကတည်းကပေးတာ။ အရင်ကတော့ တိုက်ပွဲလည်းနည်းတော့ သက်ပြည့်သမားတွေလောက်ရကြတာ၊ သက်ပြည့်နဲ့ထွက်တာလည်း တော်တော် ရှားပါတယ်။ ခုနောက်ပိုင်းတိုက်ပွဲကျတွေ များလာပြီး ထိခိုက်သေဆုံးတွေများလာလို့ မြေကွက်ပေးတဲ့ကိစ္စတွေ များလာတာ” လို့ သူကဆက်ပြောပါတယ်။

ခလရ ၁ ဟာ အင်းမအခြေစိုက် တပ်မ ၆၆ လက်အောက်ခံတပ်တခုဖြစ်ပြီး တပ်ရင်းမှူးမှာ ဒု-ဗိုလ်မှူးကြီး သူရိန် ဆိုသူဖြစ်ကာ လက်ရှိမှာတော့ တပ်မ ၆၆ နဲ့ လက်အောက်ခံတပ်ရင်းတွေက ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေး ဝင်ရောက်နေတာ ၁ နှစ်ခွဲကျော်ရှိပြီး အဲ့ဒီကာလအတွင်း တပ်ရင်းမှူးအဆင့်အပါအဝင် ထိခိုက်သေဆုံးများပြားနေတဲ့ တပ်မတခုလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။