အရာတော်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၄ ဦးခန့်သေဆုံးဟုဆို

0 1
0 1

အရာတော်၊ ဧပြီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့အနောက်ဖက်ကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ် ဧပြီလ ၁၄ ရက် မနေ့ကမနက် ၆ နာရီကျော်လောက်က မိုင်းဆွဲခံရတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

သစ်ကျင်းကြီးကျေးရွာအနီးရှိ အမှတ် ၃၆၉ အမြောက်တပ်ရင်းကနေထွက်ခွာလာတဲ့ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို အရာတော်မြို့အနောက်ဖက်၊ ခမြင့်လမ်းခွဲအနီးအရောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်း ၃ လုံး၊ တူမီးရှေ့ထွက်ကြီး ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက် ခဲ့တာလို့ Danger Force LPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကြောင်းခြေလျင်လာတာကို ကင်းထောက်တွေကသတင်းပေးလို့ ကျနော်တို့သွားစောင့်နေခဲ့တာပါ။ သေဆုံးမှုက ၄ ယောက်သေပြီး၊ ၃ ယောက်ဒဏ်ရာရတယ်လို့ သိရတယ်။ မြို့ခံတွေ၊ တပ်တွင်းဖရဲသီးတွေနဲ့ စောင့်ကြည့်ကင်းထောက်တွေဆီက ပြန်သိရတာပါ” လို့ မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဲ့ဒီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် အနီးဝန်းကျင်ကျေးရွာ ၂ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို Danger Force LPDF တပ်ဖွဲ့နဲ့ ကြယ်နီတပ်ဦးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က သေဆုံးမှုတွေနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

Danger Force LPDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့မတ်လ ၂၇ ရက် စစ်ကောင်စီတပ်မတော်နေ့မှာလည်း အရာတော်အရှေ့ဘက်ရှိ အမှတ် ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀)ကို ရှော့ဒုံး ၄လုံးနဲ့ သွား ရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း- ရင်ငြိမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။