ဝေါ၊ မတ် ၁၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာက ပျူစောထီးခေါင်းဆောင်နေအိမ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
မတ် ၁၈ ရက်ညနေ ၆ နာရီခန့်မှာ ကျေးရွာအရှေ့ဘက်အစွန်မှာရှိတဲ့ လက်ပန်ကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်ကြီး နေအိမ်မှာတပ်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီး အင်အား ၄၀ ကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဗုံးက ၂ လုံးချ တိုက်ခိုက်ခဲ့တာ။ အဲဒီအိမ်မှာက အရာရှိနေတယ်။ အဲဒီကနေပြီးတော့မှ ကင်းပုန်းလွှတ်တာတွေရှိတယ်။ ချက်ချင်းနာရေးကား ၃ စီးနဲ့လာသယ်သွားတယ်။ “လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ပျူစောထီးခေါင်းဆောင် အောင်ကြီးရဲ့ဇနီး၊ ယောက္ခမဖြစ်သူအပါအဝင် စုစုပေါင်း ၇ ဦး ဒဏ်ရာရပြီး ဒီအခြေအနေတွေကို ဒေသခံတွေဆီက ပြန်လည်သိရှိရတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ မြစ်ကျိုးဆေးရုံကိုပို့ဆောင်ပြီး အဲ့ဒီကတဆင့် တောင်ငူဆေးရုံကိုထပ်ဆင့်လွှဲပြောင်းတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေဟာ ကျိုက်ထိုဘက်ခြမ်းကနေ ဝေါမြို့နယ်ဘက်ကို PDF တွေရောက်မလာနိုင်အောင် စစ်တောင်းမြစ်ကမ်းဘေး လုံခြုံရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ ကင်းကျနေတဲ့ ပျူစောထီး သန်းနိုင်ပုဆိုသူဟာ စနိုက်ပါနဲ့ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း