⁨ပျူစောထီးတွေကိုထမင်းချက်ကျွေးနေတဲ့ သက်ကြီးပိုင်းအမျိုးသား မှိုရှာထွက်စဥ် ဖမ်းခံရ

0 25
0 25

မြေလတ်အသံ၊ အောက်တိုဘာ ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တပ်ကုန်းရွာပျူစောထီးတပ်ဖွဲ့ဝင်တွေကို ထမင်းချက်ကျွေးနေတဲ့ သက်ကြီးပိုင်းအမျိုးသားတဦးကို ဖမ်းမိထားတယ်လို့ ပေါက်မြို့နယ်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ) က ပြောပါတယ်။

အဖမ်းခံရသူမှာ တပ်ကုန်းရွာခံ အသက် ၇၀ ကျော်အရွယ်ရှိ ဦးပွေး ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက် မနက် ၉ နာရီကျော်မှာ ကျေးရွာအနီးတောထဲကို မှိုရှာထွက်လာစဥ် ကင်းပတ်နေတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တောတွင်းတနေရာမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

” ပျူစောထီးရွာမှာနေပြီး ကင်းတွေမှာ နေထိုင်သူ။ ပျူစောထီးအားပေးနေတာ။ ထမင်းချက်ကျွေးနေတာ ကင်းမှာ။ သူက ၂၀၁၀ ကတည်းက စစ်တပ်ထောက်ခံလာတာဗျ။ သူက မှိုရှာထွက်လာရင်း မိတာပါ။ ဓားတလက်တော့ပါတယ် “လို့ ပေါက်မြို့နယ်တောင်ပိုင်းနဂါးပြောက်ကျားတပ်ဖွဲ့(ပကဖ)တာဝန်ခံက ပြောပါတယ်။

တပ်ကုန်းကျေးရွာမှာ ပျူစောထီးအထိုင်စခန်းချထားကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၀ ဦး နဲ့ ပျူစောထီးတပ်ဖွဲ့ဝင် ၂၅ ဦးတပ်စွဲနေပြီး ပျူစောထီးအားကောင်းတဲ့ အိမ်ခြေ ၄၀၀ ခန့်ရှိကျေးရွာဖြစ်တယ်လို့ သူသိရပါတယ်။

လက်နက်ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၄ အခြေစိုက်ထားတဲ့ ပေါက်မြို့နယ်မှာ ပျူစောထီးအင်အားကောင်းတဲ့ကျေးရွာအများအပြားရှိနေသလို ဒေသတွင်းမှာလည်း ပျူစောထီးတွေကဦးဆောင်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။

ဦးပွေးရဲ့ ထွက်ဆိုချက်အရ တပ်ကုန်းရွာဒေသခံတွေဟာ စားနပ်ရိက္ခာပြတ်လပ်နေကြတာကြောင့် ကျေးရွာအနီးရှိ တောတောင်တွေမှာ မှိုနဲ့ ပျားတွေအပါအဝင် တောတွင်းအလေ့ကျပေါက်တဲ့ အသီးအရွက်တွေကို ရှာဖွေစားသောက်နေကြရတယ်လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာ ဦးပွေးကို ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းနေဆဲဖြစ်ကာ စစ်ဆေးမှုတွေပြီးဆုံးရင် သက် ဆိုင်ရာတရားရေးအဖွဲ့ ထံကို လွှဲပြောင်းပေးသွားဖြစ်တယ်လို့လည်း သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။