12 July 2026 6:41 AM

PPP ကနေ ရွေးကောက်ပွဲဝင်ဖို့ တာဝန်ထမ်းဆောင်ဆဲလူငယ်တပ်အရာရှိတွေကိုတောင်းပေမယ့် တပ်ကမပေးခဲ့ဘူးလို့ ဒေါ်သက်သက်ခိုင် ပြော

0 18
0 18

မြေလတ်အသံ၊ အောက်တိုဘာ ၉၊ ၂၀၂၅။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကနေ ရွေးကောက်ပွဲဝင်ရောက်ဖို့ တာဝန်ထမ်းဆောင်ဆဲ စစ်တပ်အရာရှိတချို့ကို စစ်ကော်မရှင်တပ်ထံ တောင်းခံခဲ့ပေမယ့် မရခဲ့ဘူးလို့ အဲ့ဒီပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောဆိုလိုက်ပါတယ်။

ယမန်နေ့ အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ PPP ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင် က အခုလို ပြောဆိုခဲ့တာပါ။

စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလမှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာ PPP ပါတီကနေ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ အလယ်အလတ်အဆင့်ရှိတပ်လူငယ်အရာရှိ ၈ ဦးကို စစ်ကော်မရှင်တပ်ထံ တောင်းခံခဲ့တယ်လို့ သူက ဆိုပါတယ်။

” ကျမတို့ပါတီကို လာချင်တဲ့ တပ်မတော်သားအလယ်အလတ်အပိုင်းတွေရှိပါတယ်။ လူငယ်ပိုင်းတွေ ရှိပါတယ်။ ကျမလည်း ၈ ယောက်တော့ တောင်းလိုက်ပါတယ်။ by name နဲ့ တောင်းလိုက်တာပါ။ တောင်းလိုက်တော့ မပေးပါဘူးရှင့်။ အဲ့တာကတော့ ဒါ အရှင်းဆုံးအဖြေပါပဲ။ ဒါအမှန်အတိုင်းပါပဲ။ ကျမ တပ်မတော်သား ၈ ယောက်ကိုတောင်းတယ် ကာယကံရှင်တွေရဲ့ ဆန္ဒလည်းရှိတယ်။ သို့ သော်လည်း ကျမတို့ပါတီကို တပ်မတော်က မပေးပါဘူး” လို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ စစ်ကော်မရှင်တပ်က ၎င်းတို့နဲ့ နီးစပ်တဲ့ ကြံ့ ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ပါတီတွေကို ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေအပါအဝင် ရာနဲ့ချီတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင် ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းက အရပ်ဝတ်လဲ ပို့ဆောင်ခဲ့တယ်လို့ တပ်တွင်းသတင်းတွေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြနေတဲ့ CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော် က ရေးပါတယ်။

အဲ့ဒီလို ရွေးကောက်ပွဲအတွက် ပါတီ ၂ ခုကို တပ်အရာရှိတွေ အရပ်ဝတ်လဲပို့ဆောင်ခဲ့တာတွေရှိနေလို့ PPP အနေနဲ့ စစ်တပ်လူငယ်အရာရှိတချို့ကို တောင်းခံခဲ့ပေမယ့် မရရှိခဲ့တာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် PPP ဥက္ကဌ ဒေါ်သက်သက်ခိုင် ဟာ စစ်ကော်မရှင်လက်အောက် ဟိုတယ်ခရီးနဲ့ လူကယ်ပြန်ဌာနဝန်ကြီးတွေအဖြစ် တာဝန်ယူခဲ့တာကြောင့် ပြည်သူအများရဲ့ ဝေဖန်မှုခံခဲ့ရပြီး လက်ရှိ ၎င်းဦးဆောင်တဲ့ PPP ပါတီဟာ စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲမှာလည်း တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။