13 July 2026 12:41 AM

ပြည်သူ့တော်လှန်ရေးတပ်ဦးမှ ရဲဘော်ကျဆုံးခြင်း ဝမ်းနည်းအထိမ်းအမှတ် ပြုလုပ်

0 2
0 2

မြေလတ်အသံ၊ ဧပြီ ၄၊ ၂၀၂၃။

ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ဗကသကျောင်းသားရဲဘော် ဝဿန် (၂၀) နှစ် ဟာ ဧပြီလ ၂ ရက်နေ့က စစ်ကောင်စီနဲ့တိုက်ပွဲမှာ ကျဆုံးခဲ့တာလို့ သိရပါတယ်။

ဝမ်းနည်းအထိမ်းအမှတ် အလေးပြုအခမ်းအနားကို ဧပြီလ ၄ ရက်ဒီနေ့မနက်က ပခုက္ကူလှုပ်ရှားမှုစစ်ဒေသမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဦးက တာဝန်ရှိသူတွေ၊ မဟာမိတ်အဖွဲ့အစည်းတချို့နဲ့ ပခုက္ကူလှုပ်ရှားမှု စစ်ဒေသက ရဲဘော်တွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ တပ်ဦးအလံတော်တဝက်ချခြင်းနဲ့ သေနတ်ပစ်ဖောက်ခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်လွန်းညီက ပြောပါတယ်။

“ရဲဘော်ဝဿန်က ကျနော်တို့တပ်ဦးရဲ့ ပထမဆုံးကြွေလွင့်သွားတဲ့ ရဲဘော်ပါ။ ပြည်သူလူထုအကျိုးနဲ့ တပ်ရဲ့ အလုပ်တာဝန်တွေကို အသက်ပေးပြီးဆပ်ခဲ့လို့ ရဲဘော်ဝဿန်အတွက် အခုလို ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုအခမ်းအနားကို ပြုလုပ်ခဲ့ကြတာပါ” လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ရဲဘော်တွေ အနေနဲ့လည်း ကြေကွဲဆုံးရှုံးမှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး အာဏာရှင်ကို ဆက်လက်တွန်းလှန်တိုက်ခိုက်သွားကြဖို့လည်း အဆိုပါအခမ်းအနားမှာ အဓိကမှာကြားခဲ့တယ်လို့ ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်လွန်းညီက ဆက်ပြောပါတယ်။

“အဓိက ကတော့ ကျန်ရှိနေတဲ့ ရဲဘော်တွေအတွက်လည်းပါတာပေါ့။ ရဲဘော်တွေက သေဖော်သေဖက်၊ ညီအကိုအရင်းတွေလိုချစ်ကြတာရယ်၊ တိုက်ဖော်တိုက်ဖက်ရဲဘော်တွေလည်းဆိုတော့ ဒီလိုဆုံးရှုံးမှုဖြစ်တော့ ရဲဘော်တွေလည်း ဝမ်းနည်းနေကြတယ်။ ဝမ်းနည်းစိတ်ကို ခွန်းအားအဖြစ်ပြောင်းဖို့လည်း မှာကြားခဲ့တယ်” လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဝဿန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ပခုက္ကူမြို့နယ် အခြေခံပညာရေးကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပဲဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့တော်လှန်ရေးတပ်ဦး- PRF ရဲ့ပခုက္ကူလှုပ်ရှားစစ်ဒေသ နဲ့ ဝက်လက်လှုပ်ရှားစစ်ဒေသတွေမှာ တနှစ်ခွဲတဲ့အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

စာတည်း-007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။