ပြည်မှာ သမီးရည်းစားချင်း စကားများရာမှ ဓားထိုးမှုဖြစ်လို့ ၂ ဦးစလုံး ဒဏ်ရာရ

0 1
0 1

ပဲခူး၊ ဧပြီ ၃၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့၊ ပြည်တက္ကသိုလ်အနီးရှိ အုန်းတောလမ်းမပေါ်မှာ သမီးရည်းစားချင်း စကားများကြရာမှ ဓားထိုးမှုဖြစ်ပြီး ၂ ဦးစလုံး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဧပြီလ ၂ ရက်မနေ့ညနေ ၆ နာရီခန့်မှာ အသက် ၂၀ ဝန်းကျင်ရှိ သမီးရည်းစားစုံတွဲ ၁ တွဲဟာ လူမှုရေးကိစ္စ စကားများရာကနေ ကောင်လေးဖြစ်သူက ကောင်မလေးကို ဓားနဲ့ထိုးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“သူတို့က တနေရာရာမှာကတည်းက စကားများလာကြတာ နေမယ်။ ဖြစ်တဲ့နေရာကလည်း လူသွားလူလာရှိတဲ့ လမ်းပေါ်မှာပဲ။ ကောင်မလေးကို ကောင်လေးက သူ့မှာပါလာတဲ့ ဓားမြှောင်နဲ့ ထိုးတာ။ ဓားကို အပြန်အလှန်လုကြရင်းနဲ့ နှစ်ယောက်စလုံး ထိတာလို့တော့ သိရတယ်” လို့ ပြောပါတယ်။

ဒီဖြစ်စဥ်ကြောင့် လူငယ်အမျိုးသားမှာ လက်ချောင်းပြတ်ရှဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသမီးမှာ တံတောင်အောက် ဓါးထိုးသွင်းဒဏ်ရာ ရရှိခဲ့ပြီး၊ သူတို့တွေကို ဒေသလူမှုကူညီရေး အသင်းတာဝန်ရှိသူတွေက ပြည်မြို့ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ ၂ ဦးရဲ့ နေရပ်နဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးဘဲ လူငယ်အမျိုးသားကိုတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ပြည်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။