31 October 2026 4:51 AM

ချမ်းမြသာစည်မှာ ၁ ရက်တည်း ရာအိမ်မှူး ၂ ဦး ပစ်သတ်ခံရ

0 1
0 1

မန္တလေး၊ ဧပြီ ၁၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်နဲ့ ထွန်တုံးရပ်ကွက်က ရာအိမ်မှူး ၂ ဦး ၁ ရက်တည်း ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

မတ်လ ၃၁ ရက်နေ့ နေ့လည် ၁ နာရီလောက်မှာ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၈၅၅)နေ အသက် ၅၂ နှစ်အရွယ် ဦးစိုးနိူင် (ရာအိမ်မှူး၊ အရံမီးသတ် တပ်စုမှုး)ဟာ ဆိုင်ကယ်နဲ့ သွားနေချိန် စစ်ကိုင်းလမ်းခွဲလမ်းမပေါ်ရှိ FUJI စတိုးဆိုင်ရှေ့အရောက်မှာ သေနတ်သမားတွေက ပစ်ခတ်သွားလို့ သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မနေ့က ဖြစ်တာက ၂ ဦးပါ။ တယောက်က နေအိမ်မှာ ပစ်သတ်ခံရတယ်။ တယောက်က လမ်းပေါ်မှာ ပစ်သတ်ခံရတယ်။ နေအိမ်ပစ်သတ်ခံရတဲ့ ရာအိမ်မှူးက စစ်ထွက်။ သူကိုယ်တိုင် သေနတ်ဝယ်ကိုင်ထားတာ ရှိတယ်။ သေနတ်သမားတွေက သူ့ကိုပစ်သတ်ပြီး သေနတ်နဲ့ကျည်တွေပါ ယူသွားတာ။ နှစ်ယောက်စလုံးက သေသွားတယ်” လို့ ပြောပါတယ်။

အဲဒီ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်မှာ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အကွက် ဖဖ-၄/၈၆၊ ၁၁၃လမ်း၊ ၄၆×၄၇ လမ်းကြားနေ ရာအိမ်မှုး ဦးစန်းအောင် (၅၂) နှစ်ဟာ နေအိမ်မှာ ထိုင်နေချိန် သေနတ်သမား ၄ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး ပစ်ခတ်သွားလို့ နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ရာအိမ်မှူး ဦးစန်းအောင်ကိုတော့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး ရှင်းလင်းချိန်မှာ ပစ္စတို ၁ လက်၊ ကျည် ၂၂ တောင့်၊ ဖုန်းနဲ့အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ အောင်စည်တော်စစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရာအိမ်မှူး ဦးစိုးနိုင်ကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ရှင်းလင်းလိုက်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် ၇၈ လမ်းနဲ့ ရန်မန်းသံလမ်းကြား ပညာပျိုးခင်းလမ်း၊ အကွက် ၉၀၂ သီတာအေးရပ်ကွက်၊ ပညာပျိုးခင်းလမ်းပေါ်မှာ ဆိုင်ကယ်နဲ့လာနေတဲ့ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်း (၅၆) နှစ်ကို သေနတ်သမားတွေက ပစ်ခတ်လို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။