မင်းကင်းက ရွှေမျှောဖောင် ၅၀ ကျော် မီးရှို့ခံရပြီး ရွှေမျှောလုပ်သား ၇ ဦး အသတ်ခံရ

0 1
0 1

စစ်ကိုင်း၊ မတ် ၂၈၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ချင်းတွင်းမြစ်ကြောင်းမှာရှိတဲ့ တရားမဝင် ရွှေမျှောဖောင်တွေကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးပြီး အလုပ်သမား ၇ ဦးကိုလည်း သတ်သွားခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၉ ရက်နေ့က ကဗျစ်၊ ဖရုံကာ၊ ရှမ်းတော့ စတဲ့ကျေးရွာတွေနားမှာရှိတဲ့ ရွှေမျှောဖောင်တွေနဲ့ လူနေတဲတွေကို မီးရှို့ခဲ့ပြီး ရွှေမျှောဖောင် ၅၃ ဖောင်နဲ့ ဆက်စပ်ပစ္စည်းတွေ ဖျက်ဆီးခံလိုက်ရကာ သိန်းထောင်ချီ မီးထဲပါသွားခဲ့တယ်လို့ ဆိုပါတယ်။

“ရွှေတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေတော့ စစ်ကောင်စီဘက်က ယူသွားတယ်။ ပြီးတော့ မျှောထဲမှာ ကျန်ခဲ့တဲ့ အလုပ်သမား ၅ ယောက် ရွာသား ၂ ယောက် အသတ်ခံရတယ်။ ပစ်သတ်ပြီး သဲသောင်ပြင်မှာ မြှုပ်ခဲ့တာ။ ခုပြန်ဖော်ပြီး ဘယ်သူတွေဆိုတာ စစ်ဆေးနေကြတယ်” လို့ မင်းကင်းမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခြင်းခံထားရတဲ့ ပြည်သူ ၇ ဦးမှာ ၂ ဦးကတော့ ကဗျစ်ရွာသားတွေဖြစ်တယ်လို့ သိထားရပြီး ရွှေမျှောလုပ်ကွက်မှာ နယ်ပေါင်းစုံကလူတွေ လာရောက်လုပ်ကိုင်တဲ့အတွက် ဘယ်သူဘယ်ဝါဆိုတာ သိရဖို့ ကြန့်ကြာနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ချန်နယ်တွေမှာတော့ ရွှေမျှောလုပ်ကွက်တွေမှာ PDF တွေဝင်ရောက်လုပ်ကိုင်တာတွေရှိတဲ့အတွက် ခုလိုဖျက်ဆီးတာဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ကာကွယ်ရေးအဖွဲ့တွေကတော့ သူတို့နဲ့ဆက်နွယ်မှုမရှိဘဲ တပ်ရင်းတပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိလို့ ခုလို ဖျက်ဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ရွှေမျှောဖောင်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကာလတန်ဖိုး ၁၁,၀၅၃,၄၄၀,၀၀၀ ကျပ် (သိန်းပေါင်း တစ်သိန်းတစ်သောင်းကျော်) သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ ဝန်းကျင်နဲ့ ဖေဖော်ဝါရီလကတည်းက မင်းကင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာဖြစ်ပြီး မတ်လ ၂၄ ရက်ကမှ မင်းကင်းကနေ ကလေးမြို့ ဒကစထဲကို ပြန်ဆုတ်ခွာသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်နေ့ကလည်း ရွှေမျှောတွေကို ဖျက်ဆီးနေလို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေနဲ့ မြို့နယ်ပကဖအဖွဲ့ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဇို

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။