စလင်းလဝကရုံးမှာမှတ်ပုံတင်လာလုပ်တဲ့အမျိုးသား လဝကဝန်ထမ်းတိုင်ကြားမှုကြောင့် ဖမ်းဆီးခံရ

0 129
0 129

စလင်း၊ စက်တင်ဘာ ၂၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့ စစ်ကော်မရှင်လက်အောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး(လဝက)မှာ မှတ်ပုံတင်လာလုပ်တဲ့ အမျိုးသား ၁ ဦးကို စစ်ကော်မရှင်လက်အောက်ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်ဖမ်းဆီးသွားတယ်လို့ စလင်းမြို့ခံသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ ကျောက်ရဲတုန်းကျေးရွာနေ အသက် ၃၅ နှစ်ဝန်းကျင်ရှိ ဝေဖြိုးမောင် ဆိုသူဖြစ်ပြီး စက်တင်ဘာ ၂ ရက် ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ စလင်းမြို့လဝကရုံးမှာ မှတ်ပုံတင်ပြုလုပ်ဖို့ ရှိနေစဥ် လဝကဝန်ထမ်းတဦးရဲ့ ဖုန်းဆက်တိုင်ကြားခံရပြီးနောက် စလင်းမြို့ရဲတပ်ဖွဲ့ဝင် ၆ ဦးက လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

” မှတ်ပုံတင်လာလုပ်တော့ သူတို့စာရင်းဇယားတွေ ဖြည့်ပြီးပြီ၊ လိုင်စင်ဓါတ်ပုံတွေလည်း သူတို့ရိုက်ပြီးသွားပြီ၊ စစ်ကော်မရှင်ကို အပြင်(ရုံးအပြင်)ကလူတဦးက ဖုန်းဆက်တာ၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး သူ့အမျိုးသားကို ဖမ်းဆီးတယ်၊ ထိုးကြိတ်ရိုက်နှက်ပြီးမှ ဖမ်းဆီးတာ” လို့ ဖြစ်စဥ်ကိုသိရှိထားသူ စလင်းမြို့ဒေသသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

ကိုဝေဖြိုးမောင် ဟာ ၎င်းရဲ့ဇနီးဖြစ်သူနဲ့အတူ လဝကရုံးကိုလာရောက်တာဖြစ်ပြီး အမျိုးသမီးဖြစ်သူကိုတော့ ဖမ်းဆီးတာမျိုးမရှိဘဲ လက်ရှိမှာ သူ့ကို စလင်းမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ ဖမ်းဆီးတဲ့ အကြောင်းအရင်းကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

” အရင်တုန်းကလည်း လဝကရုံးကနေ ဖမ်းဆီးတဲ့အနေအထားတွေရှိတယ်၊ မှတ်ပုံတင်လာလုပ်တဲ့ လူငယ်တွေကို စစ်ကော်မရှင်ကို ဖုန်းဆက်တယ်၊ ရဲ**တွေက ပေါ်တာဆွဲတဲ့သဘောနဲ့ ဖမ်းဆီးတယ်၊ ပေါ်တာဆွဲပြီး ဖမ်းဆီးခံရတာ တော်တော်တော့များပြီ” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်ကလည်း စလင်း-တညောင်လမ်းပိုင်းစစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ဖုန်းစစ်ဆေးပြီးနောက် ရိုက်နှက်ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။